တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မြန်မာ စစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေရာ သျှမ်းပြည်ရှိ မြို့နယ်အချို့တို့၌ တပ်စောင့်မရှိကြတော့ဘဲနောက် တန်းကျန် စစ်သားမိသားစုများကပြည်သူ့စစ်များနှင့် အတူ အလှည့်ကျ ကင်းစောင့်ရသည်ဟု သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။
“ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် က တပ်တွေ ကချင်ဖက် တက်တိုက်တာလဲ ရှိတယ်။ ဝမ့်ဟိုင်းဖက်ဆင်း တာလဲ ရှိတယ်။ ဆိုတော့ တပ်လုံခြုံရေး မရှိတော့ဘူး။ စစ်သားမယား၊ သားသမီးတွေ နဲ့ပြည်သူ့စစ်တွေ အလှည့်ကျ စောင့်ရ တော့တာ ပေါ့” ဟု အမည်မဖေါ်လိုသည့် တပ်မိသားဝင်တဦးကပြောသည်။
ထိုသို့ တတပ်လုံးနီးပါး ရှေ့တန်းထွက်နေရသည်မှာ မန္တလေး - လားရှိုးကားလမ်း တလျှောက်ရှိ မြန်မာ တပ်ရင်းများ ဖြစ် ပြီး အချို့တပ်များမှာ ညပိုင်းတပ်တွင်း၌ မအိပ်ရဲကြသည်အထိရှိနေကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။
“ကျောက်မဲ ခမရ ၅၀၁၊ ၅၀၂ ၊ မိုးမိတ် ခမရ ၃၄၈၊ ခလရ ၂၂၃၊ ၂၇၆ တို့ဆိုရင် စစ်သားမယားတွေ ကင်းစောင့် နေကြတာ တွေ့ရတယ်။ ပြည် သူ့ စစ်တွေနဲ့ အလှည့်ကျ စောင့်ကြတယ်။
မိုးမိတ်ကတပ်တွေဆိုရင် အဲ့ဒီ စစ်သားမယားတွေ တပ်ထဲမှာ မအိပ်ရဲကြဘူး။ ဘုန်း ကြီးကျောင်းတွေ၊ ခင်ရာမင်ရာအိမ်တွေမှာသွားအိပ်ကြ တယ်။ အထက်အမိန့်ကြောင့်သာ သူတို့ ကင်းစောင့်ရတာ တကယ်တော့ သူတို့လဲ သေနတ်မပစ် တတ်ဘူး။ စစ်သားမယားတချို့ ဟာသလုပ်ပြီးပြော နေကြတယ်။ တကယ်လို့ ရန်သူလာရင်တော့ထဘီလှန်ထားပေးရုံဘဲရှိ တော့တယ်ဆိုပြီးတော့ပေါ့” ဟု ၎င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
အဆိုပါတပ်များမှာ အများအားဖြင့် ကချင် ကေအိုင်အေ တပ်အား ထိုးစစ်ဆင်နေရသည့်တပ်များဖြစ်ကြောင်း၊ ညစဉ်ည တိုင်း တပ်တွင်း၌ နေရဲသူမရှိ၊ တပ်ကြီးဟောင်းလောင်းသာ ကျန်နေကြောင်း ဒေသခံများထံမှကြား သိရသည်။
ရှေ့တန်းတက် စစ်သားများမှာ သေကြေကြသည်မှာများပြားသဖြင့် ရှေ့တန်း မထွက်မှီ နှုတ်ဆက်ပွဲသဘော မျိုး မိသားစုဝင် ကလုပ်ပေးကြောင်း၊ ရှေ့တန်းစစ်မျက်နှာထွက်ရာတွင်လည်း မိသားစုဝင်များက ရွှေလီ - ဧရာဝတီ မြစ်ဆုံအထိ သွားရောက်ပို့ ဆောင်ကြကြောင်း မန္တလေးရောက် မိုးမိတ်မှ တက္ကသိုလ်ကျောင်းသူ တဦးက လည်း ပြောသည်။
“ စစ်သားမယားတွေလဲ သနားစရာတော့ကောင်းတယ်။ မျက်ရည်နဲ့ မျက်ခွက်။ ကိုယ့်ယောက်ျားရှေ့တန်း ပါသွား ရင် သေမယ်လို့ သိသိကြီးနဲ့ အထက်အမိန့်ကိုမလွန်ဆန်ရဲဘူးကော်။ တကယ်တော့တပ်ထဲမှာ နေတာစားဝတ် နေရေး အဲလောက် ကျဉ်းကျပ် ဆင်းရဲနေတာ” ဟု မချိတင်ကဲ ပြောပြသည်။
ရှေ့တန်းစစ်မျက်နှာ၌ မိမမြင် ဖမမြင် သေမည့်အစား သားမယားရှေ့၌ပင်အသေခံတော့မည်ဟု ဆိုကာ ခမရ ၃၄၈ တပ်၌ မိမိကိုယ်ကိုယ် သတ်သေသည့် စစ်ဗိုလ်တဦးလည်း ရှိခဲ့ကြောင်း အဆိုပါ ကျောင်းသူက ပြောသည်။
“တိုင်းရင်းသားတွေအပေါ် မိုက်ရိုင်းတာတော့ မိုက်ရိုင်းတာပေါ့။ တကယ်တော့ ကျောင်းသားတယောက် အနေနဲ့ ကြည့်ရင် မြို့ပေါ်ကလူတယောက်အနေနဲ့ကြည့်ရင်တော့ အောက်ခြေတပ်သားအဆင့်တွေဟာ အရမ်းကိုသနား စရာကောင်းပါ တယ်။ သူတို့အရာရှိက လမ်းလျှောက်ဆိုရင်လဲ ဘယ်လောက်ဘဲနေမ ကောင်းနေပါစေ ခြေကျင် လျှောက်ရတာဘဲ။ သူတို့ အရာရှိ ထမင်းမစား ပြီးမချင်း ဘယ်လောက် ဆာဆာ သူတို့ မစားရဘူး။ ကင်းစောင့်နေ ရတယ်။ သူတို့ ဆန့်ကျင်နိုင်ပါရက် နဲ့ဘာအကျိုးအမြတ်မှမရဘဲ အထက် အမိန့်လိုက်နာနေတာကိုကပိုအံ့ဩ စရာ ကောင်းတာ” - ဟုလည်း ၎င်းက ပြောသည်။
သျှမ်းပြည်၌ သျှမ်းပြည်တပ်မတော်အား မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၅ လကျော်ကြာပြီ ဖြစ်ရာ မြန်မာစစ်တပ်ဖက်က သေကြေဒဏ်ရာရများပြားသဖြင့် ရှေ့တန်းတက်ရဲဘော်နှင့်အရာရှိအများစုမှာ စိတ်ဓါတ်ကျနေကြ ကြောင်းလည်း တပ်နှင့်ရင်းနှီးဝင်ထွက်နိုင်သူ ကုန်သည်များပြောပြချက်အရသိရသည်။ အလားတူ ဂျွန်လအစောပိုင်းက စတင်ခဲ့သည့်ကချင်ပြည်စစ်မျက်နှာတွင်းလည်းအစိုးရတပ်ဘက်အများ အပြား သေဆုံးသည်ဟု ကချင်သတင်းရပ်ကွက်က ပြောပါသည်။