ကျေးလက်လူထုအား ကာဗာလုပ် ရှေ့တန်း တိုက်ပွဲမှ မြန်မာစစ်ကြောင်း တပ်ဆုတ်

ကျေးလက်လူထုအား ကာဗာလုပ် ရှေ့တန်း တိုက်ပွဲမှ မြန်မာစစ်ကြောင်း တပ်ဆုတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့်ဖြစ်ပွါးသောတိုက်ပွဲမှ ဒဏ်ရာရစစ်သားများအား မြန်မာစစ်တပ်ကသယ် ဆောင်တပ်ဆုတ်ရာတွင် ဒေသခံလူထုအားချောဆွဲ ၎င်းတို့၏  အကာအကွယ်လုပ်ကြောင်း သျှမ်းပြည် အလယ်ပိုင်း ကျေးသီးဒေသခံများ ကပြောသည်။

“၀မ့်ဖွီးအုပ်စုနားကတိုက်ပွဲအပြီး ၁၄ ရက်နဲ့ ၁၅ ရက်က မြန်မာတပ်တွေ ကျေးသီးကိုဆုတ်ခွါရာမှာ ရွာသား အယောက် ၃၀  ဖမ်းပြီး သူတို့ရဲ့ဒဏ်ရာရလူတွေ  ထမ်းပို့ခိုင်းတယ်။ ရွာသားတွေကို သူတို့စစ်ကြောင်းထဲ စစ်သားတွေ တယောက်စီ  ကြားမှာ  လျှောက်ခိုင်းတယ်တဲ့။ သူ တို့ကို သျှမ်းတပ်ကပစ်မှာကြောက်လို့ နေမှာပေါ့” - ဟု ကျေးသီးဒေသခံ တဦးကပြောသည်။

porter၁၄ ရက်နှင့် ၁၅ ရက်နေ့က မြန်မာစစ်တပ် ခလရ ၁၄၃ မှ အင်အား ၅၃ ယောက် ကျေးသီးမြို့နယ် ၀မ့်ဖွီးအုပ်စုမြောက် ဖက်ရှိ ဟင်လိုင်း ရေကာတာလုံခြုံရေးတာဝန်ကျ သျှမ်းပြည်တပ်မတော် တပ်ရင်း ရ၂၆  အားဝင်ရောက်တိုက်ခိုက်ရာ ၎င်းတို့၏အပြင်ဖက်မှ သျှမ်းပြည်တပ်မတော်ကအင်အားဖြည့်ဝိုင်းရံတိုက်ခိုက် ပြန် သဖြင့် မြန်မာစစ်တပ်၏ ဒု-တပ်ရင်းမှူး အပါအဝင် ၄ ယောက် သေဆုံး ကြောင်း ၀မ့်ဟိုင်းဌာနချုပ်မှ သျှမ်းပြည်တပ်မတော် အရာရှိများက ပြောသည်။

“ဒီတိုက်ပွဲက ၁၆ ရက် မနက် ၈ နာရီအထိ ကြာတယ်။ ၃ -၄ ပွဲလောက်နွဲရတာပေါ့။ သူတို့ ဒု-တပ်ရင်းမှူးလဲ ကျရော သူတို့တပ်လဲ ကွဲတော့တာ။ တိုက်ပွဲပြီးတော့ ရွာသားတွေကိုပေါ်တာဆွဲပြီး သူတို့ကိုကျေးသီး အထိလိုက်ပို့ ခိုင်းတာ။ ကျနော်တို့ဖက်ကတော့ တပ်သား ၃ ယောက်ကျတယ်။ ၅ ယောက် ဒဏ်ရာရတယ်”- ဟု အဆိုပါ အရာရှိကဆက်ပြောသည်။     

အဆိုပါ တိုက်ပွဲမှ မြန်မာစစ်တပ် အယောက် ၂၀ ၀န်းကျင် ဒဏ်ရာရရှိကြောင်းဒေသခံများပြောပြချက်အရ သိရသည်။

ယခုလ ၁၁ ရက် မိုင်းရယ်မြို့ အနောက်ဖက် ရ မိုင်ခန့်အကွာ ဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီးပစ်ချမှု၌လည်း  သျှမ်းပြည် တပ်မတော် ၏လက်ချက်ဖြစ်သည်ဟု ၁၇ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ တွင် ဖော်ပြခဲ့သည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂိုလ် ဗိုလ်မှူးစိုင်းလက-“ကျနော်တို့ထူထောင် လာတဲ့ရွာကို ဘာ ကြောင့် ကျနော် တို့ဖျက်ဆီးမလဲ၊ အရင်က မြန်မာအစိုးရစွပ်စွဲချက် တွေလဲဒီအတိုင်းဘဲ၊ တံတားတွေဖျက်တယ်ဆိုတာ တွေဟာ တကယ်တော့ အဲဒီတံတားတွေဟာကျနော်တို့တည်ဆောက် ခဲ့တဲ့ တံတားတွေဘဲ။ လက်နက်ကြီးတွေဆိုတာ ကျနော်တို့ တိုက်ပွဲမှာချွေချွေ တာတာတောင်သုံးရတာ။ တိုက်ပွဲမဟုတ် တဲ့နေရာမှာတော့ မသုံးဖြုန်းနိုင်ပါဘူး။ ဘယ်သူ က ဘာလုပ်နေလဲ အခုလက်သည်အမှန်က ဘယ်သူလဲဆိုတာ အဖြစ်မှန်သိချင်ရင်တော့ ဒေသခံတွေကိုမေးကြည့် နိုင်တယ်”- ဟုသျှမ်းသံတော်ဆင့် အားပြောပြသည်။  

မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ မှ ဗိုလ်မှူးမျိုးဇောမောင်ဦးဆောင်သောတပ်ဖွဲ့က ကြာသပတေးနေ့ မနက်ပိုင်း ၈ နာရီ အချိန် သျှမ်း ပြည်တပ်မတော်၏ အရပ်ဝတ် ကင်းထောက် ၂ ဦးအား တားမြစ်စစ်ဆေးရာ အဆိုပါ ကင်းထောက် ၂ ဦးက မြန်မာစစ်သားအား ဓါးဖြင့်ခုတ်ထစ်သေနတ်လုထွက်ပြေးပြီး ၁၅ မိနစ်ခန့်အကြာ အဆိုပါ ခမရ ၃၂၅ ကဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီး ၂၄ လုံး ပစ်ချ ခဲ့ခြင်းဖြစ်ကြောင်း ၀မ့်ဟိုင်းမှ အရာရှိက ဆက်လက်ပြောပြသည်။      

၀မ့်ဇန့်ရွာထဲ လက်နက်ကြီးများပြစ်ချမှုကြောင့်  ကျောင်းသား ၃ ယောက်၊ ရွာသား ၆ ယောက် ဒဏ်ရာရကာ ကျောင်းသား ၂ ယောက်မှာ လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း၊ ထို့အပြင် ဟုန်းမွန်း ရွာသား ၂ ယောက်နှင့် ဝမ့်ဇန့်ရွာသား ၁ ယောက် တိလိုင်ရွာသား ၁ ယောက်  ဗမာစစ်သားရိုက်နှက်မှုကြောင့် ဒဏ်ရာရ ရှိခဲ့ကြောင်းလည်း မိုင်းရယ်မှ   လူငယ် အမျိုးသားတဦးကလည်း ပြောပြသည်။