သျှမ်းပြည်တပ်မတော် ဌာနချုပ်ဝမ့်ဟိုင်းအား ဝိုင်းရံ ထားသော မြန်မာစစ်တပ်များသာမက မိုင်းလား ထိန်းချုပ် နယ်မြေ အတွင်း လွန်ခဲ့သည့် ၃ လက ဝင်ရောက်တပ်စွဲသော မြန်မာစစ်တပ်အချို့ပါတပ် ဆုတ်သွားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သတင်း ရပ်ကွက် က ဆိုပါသည်။
“ မိုင်းဖှန် ဝမ့်ခိုးနဲ့ ပုံဟက်တပ်စခန်းကို မြန်မာစစ်တပ်က မေလက ဝင်ပြီးစခန်းချနေရာယူထားတယ်။ စကခ ၁၈ (မိုင်း ဖြတ်) လက်အောက်ခံ ခမရ ၅၇၀ နဲ့ ၅၇၃ ပေါ့။ အင်အား ၂၀၀ လောက်ရှိတာကို အခုဆုတ်သွား တော့ ၅၀ လောက်ဘဲ ကျန်တော့တယ်။ ထူးခြားတယ်။ ဘာကြောင့်လဲဆိုတာ မသိသေးဘူး” ဟု နီးစပ်သူ တဦးကပြောသည်။
မိုင်းဖှန်အုပ်စုသည် မဲခေါင်မြစ်နှင့် နမ့်လွေချောင်းဆုံရာတောင်ဖက်၊ မိုင်းယောင်းမြို့နယ်အရှေ့ဖက်၊လောနိုင်ငံ နယ်စပ် တွင်ရှိသည်။
အလားတူ မိုင်းလားမြို့အနောက်မြောက်ဖက် မိုင်းယန်းနှင့်မိုင်းလွေကြား စပ်ကြားနယ်မြေထဲသို့ ဂျူလိုင် ၂၄ ရက်နေ့က မြန်မာစစ်တပ်မှ ငွေသတ္တုရှာဖွေရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်မွှေနှောက်ရာမှ အခြေအနေ တင်းမာလာခြင်းဖြစ် ကြောင်းလည်း မိုင်းလားတပ်ဖွဲ့မှ အရာရှိကြီးတဦး က ပြောသည်။
“ သူတို့က သတ္တုရှာဖို့လာတာ လို့အကြောင်းပြတယ်။ ကျနော်တို့ဖက်က စိတ်မချတော့အင်အားတိုးဖြည့် တယ်။ သူတို့ ၁ ရက် နေ့မှာ ပြန်ထွက်သွားကြတယ်။ ဒီစပ်ကြားနယ်မြေလို့ခေါ်တဲ့ No Man’s Land ထဲမှာ သူတို့ တပ်လာချမယ်လို့လဲ ကြားနေရတယ်လေ။ ဒီတော့ ကျနော်တို့လဲ သတိဝိရိယ ကြီးကြီး ထားနေရတယ်” ဟုအဆို ပါ အရာရှိကပြောသည်။
ယခုကဲ့သို့ မြန်မာစစ်တပ်တို့ တပ်ဆုတ်သွားခြင်းမှာ အကောင်းဖက်ဦးတည်ခြင်းမဖြစ်နိုင်သကဲ့သို့ တိုင်းရင်းသား တပ်ဖွဲ့များ အငိုက်မိစေရန် နည်းဗျူဟာပြောင်းလိုက်ခြင်းသာဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အားဝိုင်းရံထားသော မြန်မာတပ်ရင်း ၁၄ ရင်းအနက် ဂျူလိုင် ၂၉ ရက် နေ့က ၉ ရင်းဆုတ်ခွါသည့်အပြင် ဩဂုတ် ၂ ရက်နေ့ကလည်း ၂ ရင်းထပ်မံဆုတ်ခွါရာ ယခုအခါ တပ်ရင်း ၃ ရင်းသာ ကျန် တော့ကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သူ တဦးကပြောသည်။
သို့သော်သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ မြန်မာစစ်တပ်အတွင်း၊အစိုးရသစ်အတွင်းအကွဲ အပြဲများ ကြောင့် ၎င်းတို့တပ်ဆုပ်သွားခြင်းလည်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။