ယနေ့အထိ ကားအသွားအလာ ရပ်ဆိုင်းနေသော ကချင်ပြည်နယ် လွယ်ဂျယ် - ဗန်းမော်လမ်းတွင် နေ့စဉ် ဆိုင်ကယ် အစီး ၃၀၀ ကျော်ခန့် လှိုင်းပြေးဆွဲ နေကြောင်း သိရသည်။
ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ နှစ်ဘက်တိုက်ပွဲအတွင်း တရုတ်နယ်စပ် လွယ်ဂျယ်နှင့် ဗန်းမော်မြို့ ကားလမ်းပေါ်ရှိ ယောယုံနှင့် ဂျာဝိုင်ရွာ တံတား ၂ စင်း ဗုံးခွဲခံရပြီးနောက် ကားအသွားအလာ ရပ်ဆိုင်းနေရာ ဆိုင်ကယ်ပြေးဆွဲသည့် လုပ် ငန်း တွင်ကျယ်နေခြင်း ဖြစ်သည်။
ဗန်းမော်မြို့ခံ ဆိုင်ကယ်သမားတစ်ဦးက“လွယ်ဂျယ်နဲ့ ဗန်းမော်ကို ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတင်ပို့တာပေါ့ ဆိုင်ကယ် အစီး ၃၀၀ လောက်ရှိတယ် ဆိုင်ကယ်မှောက်ပြီး ခြေကျိုး လက်ကျိုးတာတွေ နေ့တိုင်းဖြစ်တယ်” ဟုသျှမ်းသံတော်ဆင့် သို့ ပြော သည်။
ဗန်းမော်မှ လွယ်ဂျယ်အသွားတွင် ထန်းလျှက်ပုံး မုန့်ပုံးများသယ်ကာ လွယ်ဂျယ်မှ ဗန်းမော် အပြန်ခရီးတွင် တရုတ်ကုန် ပစ္စည်းများ တင်ဆောင်ကြောင်း သိရသည်။
“အသွားအပြန် ၂ ခေါက်ပေါ့ အရင်က ဆိုင်ကယ်သိပ်မများတော့ တစ်ခေါက်ကို (ကျပ်) ၂ သောင်းခွဲအသွား အပြန် ၅ သောင်း လောက်ကိုက်တယ် အခုဆိုင်ကယ်များလာတော့ တစ်ခေါက် ၁သောင်းကျော်လောက် ပဲ ရတော့တယ် ” ဟု ဆို သည်။
ယခုအခါ ဗန်းမော် - လွယ်ဂျယ်လမ်းတွင် ကေအိုင်အေဂိတ် ၃ ခု အသစ်ဖွင့်လှစ်ထားပြီး ဂိတ်ဖြတ်သန်းခအဖြစ် ဆိုင် ကယ်တစ်စီး ကျပ် ၃၀၀ ပေးဆောင်ရကြောင်း သိရသည်။
“လွယ်ဂျယ်နားမှာပဲ ကေအိုင်အေဂိတ် ၃ ခု ထိုင်ထားတယ် ဂိတ် ၃ ဂိတ်ကို ငွေ ၁၀၀၀ လောက်ပေးရတယ် အရင်က အဲဒီနေရာတွေမှာ စစ်တပ်ကထိုင်တာ အခုတပ်က လွယ်ဂျယ်ဘုရားကုန်းနားကို ဆုတ်သွားပြီဂျာဝိုင် တံတားက သိပ်မဆိုး ဘူး ယောယုံတံတားကတော့ တော်တော်ပျက်နေတယ် ကားသွားလို့မရသေးဘူး ဆိုင်ကယ်က ပျဉ်ချောင်းထိုးပြီးသွား ရ တယ်” ဟု ဆိုသည်။
တိုက်ပွဲများအတွင်း ကားအသွားအလာ ရပ်ဆိုင်းခဲ့သော အခြားကားလမ်းတစ်ခုဖြစ်သည့် မြစ်ကြီးနား ၊ ဗန်းမော် - လိုင်ဇာ လမ်းတွင် ယခုအခါ ဗင်နှင့် ဟိုင်းလက် ခရီးသည်တင်ကားများ ပြန်လည်ပြေးဆွဲနေကြောင်းသိရ သည်။