သျှမ်းပြည် (မြောက်ပိုင်း)မူစယ်မြို့၌ အစ္စလာမ် ဘာသာဝင်များ ဘာသာရေးအရ ဘုရားဝတ်ပြု နေမှုကို မြို့ အုပ်ချုပ်ရေး အာဏာပိုင်များက ယခု အပတ် တနင်္ဂနွေနေ့မှ စတင်ပိတ်ပင်လိုက်ကြောင်း သိရသည်။
မူစယ်မြို့ပေါ်ရှိ လူနေအိမ်များတွင် လူစုလူဝေးဖြင့် ဘုရားဝတ်ပြုနေသောကြောင့် ဥပဒေအရတားမြစ်ခြင်း ဖြစ်ကြောင်း မူစယ်မြို့ အာဏာပိုင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။
“တနင်္ဂနွေနေ့က စပိတ်လိုက်တာပါ လူစုလူဝေးနဲ့ နေအိမ်တွေကို ဗလီလုပ်ပြီး ဘုရားဝတ်ပြုနေလို့ ဥပဒေ အရတား မြှစ်တာပါ ” ဟု သူက ပြောသည်။
မူစယ်မြို့ ၄၅ ကုန်းနှင့် တောင်ရပ်ကွက်များရှိ နေအိမ်နှစ်လုံးတွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်း ကိုတားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
လူနေအိမ်များတွင် ဘုရားဝတ်ပြုခြင်းမှာ မူစယ်မြို့၌ ဗလီမရှိ၍ ဖြစ်ကြောင်း ရမ္မဇာမ် ဥပုဒ်လအတွင်း ဘုရား ဝတ်ပြုခွင့် ပိတ်ပင်လိုက်သည့်အတွက် အခက်အခဲများစွာ ရှိကြောင်း အစ္စလာမ်ဘာသာဝင် မူစယ်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
“လူကြီးတွေကိုခေါ်ပြီး ဘုရားဝတ်ပြုတာ မလုပ်ဖို့ ခေါ်ပြောတယ် အခုက ရမ္မဇာမ် ဥပုဒ်လပေါ့နော် တစ်ရက် ကို ၅ ကြိမ် ဘုရားဝတ်ပြုကြတယ် ဥပုဒ်လဆိုတော့ ၀တ်ပြုတဲ့ လူပိုများတယ် လောလောဆယ် ဘုရားဝတ်ပြု လို့ မရတော့ဘူး နောက်သာရေးနာရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ အများကြီး ရှိတာပေါ့ ” ဟု ပြောသည် ။
မူစယ်မြို့တွင် ဗုဒ္ဓဘာသာဝင် သျှမ်းလူမျိုးများအများဆုံးနေထိုင်၏။ ဒုတိယလူမျိုအများဆုံးကတော့ ခရစ် ယာန်သာသာ ကိုးကွယ်သည့် ကချင်လူမျိုးများ နှင့် တခြားဒေသခံ လူမျိုးစုများနေထိုင်သည်။ နောက်ပိုင်း ဆယ်စုနှစ် ၂ ကျိပ် ၃ ကျိပ်အတွင်း ဗမာလူမျိုးများတရုတ်များ နှင့် တခြားလူမျိုးများလည်း စီးပွားရေးအရ အများအပြား အခြေချနေထိုင်လာသည်။