ကျိုင်းတုံ-မိုင်းလား ကုန်တင်ကားများ ခရီးဝေး ခက်ခဲ

ကျိုင်းတုံ-မိုင်းလား ကုန်တင်ကားများ ခရီးဝေး ခက်ခဲ
by -
မွေခေါဝ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-မိုင်းလား ကားလမ်း နမ့်လွေချောင်းကူးတံတား နယ်ခြားတာ့ပင်းဂိတ်မှ ကုန်တင်ကားများ ဖြတ်သန်းခွင့်မပေးသဖြင့် ခရီးဝေး ခက်ခဲသည့် လမ်းကြောင်းမှ သွားလာနေကြရ ကြောင်း သိရှိရပါသည်။

“ခရီးဝေးပြီး လမ်းကြမ်းတဲ့ မိုင်းခတ်-မိုင်းယန်း လမ်းကြောင်းကို သွားခိုင်းတယ်။ တာ့ပင်းဂိတ်ကနေသွားရင် ခရီးလဲတို လမ်းလဲကောင်းတော့ တရက်တည်းနဲ့ ရောက်တယ်။ အခုတော့  လမ်းမှာတစ်ညအိပ်ရတယ်” ဟု ကျိုင်းတုံကုန်တင်ကားသမားတစ်ဦးက ပြောပါသည်။
gate
အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ်ဖွဲ့နှင့် သျှမ်းအရှေ့မြို့တော် ကျိုင်းတုံသို့ ဆက်သွယ်ထားသော နမ့်လွေချောင်းကူးတံတား နယ်ခြား တာ့ပင်းဂိတ် ကုန်တင်ကား ဝင်ထွက်မှု အားလုံး ၂၀၁၀ နိုဝင်ဘာ ၂၃ ရက်မှစ၍ နအဖအာဏာပိုင်မှ ပိတ်ပင်ခဲ့သည်။

“ခရီးတို လမ်းကောင်းကို သုံးခွင့်မပေးဘဲ ခရီးရှည် လမ်းကြမ်းကိုဘဲ သုံးခိုင်းတယ်။ ဘယ်လိုအစိုးရသစ်လဲ မသိဘူး။ ပြောင်းပြန်တွေ လာလုပ်နေတယ်လို့ လူတွေက ငြီးငြူနေကြတယ်” ဟု ၎င်းကဆက်လက် ပြောပါသည်။

မိုင်းခတ်-မိုင်းယန်းလမ်းကြောင်းသည် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာသဖြင့် လမ်းပျက်စီးမှု များပြားကြောင်း၊ လမ်းခရီး ကြမ်းတမ်းခက်ခဲသဖြင့် ကုန်းစျေးနှုန်းလည်း ထိုးတက်သွားကြောင်း သိရှိရ ပါသည်။

တဖက်၌လည်း နမ့်လွေချောင်းကူးတံတား တာ့ပင်းဂိတ်၌ ဗင်ကားနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းခွင့်ပေး သဖြင့် လမ်းကြောင်းမှာ ချုံနွယ်ပိတ်ပေါင်းထူထပ်လျက်ရှိကြောင်း ကျိုင်းတုံဒေသခံတစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“ကုန်တင်ကားတွေ မဖြတ်ရတဲ့အတွက် လမ်းဘေးမှာ ချုံတွေချည်းဘဲ။ နမ့်လွေအရှေ့ဘက်နဲ့ အနောက် ဘက်က ချံုပုတ်တွေ လမ်းထဲအထိ ဝင်လာတယ်။ ချံုပုတ်တွေကြောင့် မြန်မြန်လဲ မမောင်းနိုင်ဘူး။ သွားလာရ အရမ်းခက်တယ်”

တြိဂံတိုင်း စရဖ ဂျီဝမ်း ဗိုလ်မှူးကြီး ခင်မောင်ထွေး က တာ့ပင်းဂိတ် ပိတ်ပင်ရသည့် အဓိကအကြောင်း ရင်းမှာ တရုတ်ကုန်ပစ္စည်းမှာ လိုင်စင်မဲ့ဖြစ်သောကြောင့် တရားဝင်မဟုတ်ကြောင်း၊ အထက်အမိန့်အရ ကုန်တင်ကား ဝင်ထွက်မှုအားလုံး ပိတ်ရခြင်းဖြစ်ကြောင်း ကျိုင်းတုံရှိ မိုင်းလားဆက်ဆံရေးမှူးအား ပြောပြခဲ့ ဖူးသည်။