ဌာနေပြည်သူ့ စစ်အင်အားဖြင့် ဝမ့်ဟိုင်းဌာနချုပ်ကို တိုက်ခိုက်ဖွယ်ရှိ

ဌာနေပြည်သူ့ စစ်အင်အားဖြင့် ဝမ့်ဟိုင်းဌာနချုပ်ကို တိုက်ခိုက်ဖွယ်ရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဗိုလ်မွန်း ဦးဆောင် မန့်ပန်ပြည်သူ့စစ်၊ မိုင်းရယ်မြို့နယ် လောမား ဦးဆောင် သော မိုင်းဟ ပြည်သူ့စစ်များ အား ဌာနချုပ်အစောင့်အနည်းငယ်သာထားစေပြီး တန့်ယန်း ဗျူဟာရုံးသို့ ဗျူဟာမှူး ဆင့်ခေါ် ကြောင်း တန့်ယန်း ဒေသခံသတင်းမှသိရပါ သည်။

bo-mon“ဗျူဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော်က ၁၀ ရက်နေ့က ဆင့်ခေါ်တာ။ဗိုလ်မွန်းဦးဆောင်တဲ့မန့်ပန်ဌာနေ ပြည်သူ့ စစ်နဲ့လော မားဦးဆောင်တဲ့ မိုင်းဟ ဌာနေ ပြည်သူ့စစ် အားလုံးတန့်ယန်း ကိုသွားခိုင်းတယ်။ ဘာကြောင့် ခေါ်လဲတော့ မသိဘူး။ဝမ့်ဟိုင်းဌာနချုပ် ကိုဘဲ သူတို့နဲ့အတူ ပွိုင့်ထိုးခိုင်းမယ်၊တက်တိုက် တော့မယ်လို့ အားလုံးက ထင်ကြေးပေးနေကြ တယ်” - ဟု တန့်ယန်း ဒေသခံ လူလတ်ပိုင်း အမျိုးသား တဦးကပြောသည်။

မေ ၁၄ နှင့် ၁၅ ရက်နေ့ကလည်း တန့်ယန်း တောင်ဖက် မိုင်းကောင်တိုက်နယ် အရှေ့ဖက် ၅ မိုင်ခန့် အကွာ  နမ့်ပန် ချောင်းအနောက်ဖက်ခြမ်း၊ အရှေ့ခြမ်းတို့၌ ပြည်သူ့စစ်နှင့် မြန်မာစစ်တပ်ပူးပေါင်းတပ်ဖွဲ့တို့နယ်မြေ ရှင်းလင်း မွှေနှောက်ခဲ့ကြသော်လည်း သျှမ်းပြည်သားအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုမဖြစ်စေလိုသဖြင့် သျှမ်းပြည်တပ်မတော်ဖက် မှ သတိထားရှောင်တိမ်းနေရကြောင်း သျှမ်းတပ်ဖွဲ့မှအရာရှိတဦးကပြောသည်။

“ဗိုလ်မွန်းပြည်သူ့စစ်မှာအင်အား ၄၀၀ နဲ့ ၅၀၀ ကြားမှာရှိတယ်။ မိုင်းဟပြည်သူ့စစ်ကတော့ အင်အား ၁၀၀ လောက် ရှိတယ်။ သူတို့က ဗမာစစ်တပ်နဲ့ပေါင်းပြီး လှုပ်ရှားကြပေမယ့်  ကျနော်တို့က သူတို့ကို မပစ်ချင်ဘူး။ ဘာလို့လဲဆို တော့ ဗမာစစ်တပ်ရဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ထောင်ချောက်ထဲဖြစ်နေလို့ဘဲ။ ဒါတောင် မလွဲနိုင် မရှောင်နိုင်ကြရင် ပစ်ခတ်မိသေးတယ်လေ။  ဒါကိုပြည်သူ့စစ်ဖက်ကမသိတာလား။လုံးဝမလွန်ဆန်နိုင် တာလား။  ဘာအကျိုးအမြတ်ရလို့ ခိုင်းတာကို  လုပ်ပေးနေရတာလဲမသိဘူး” ဟု  တန့်ယန်းဇာတိသျှမ်းပြည် တပ်မတော် SSPP/ SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဗိုလ်မွန်းကိုယ်တိုယ်မှာမူယခုလ ၁၂ ရက်ကတည်းက တရုတ်ပြည်သို့ထွက်သွားပြီဖြစ်ပြီး ၁၃ ရက်နေ့တွင်မူ စင်္ကာပူ သို့ ထွက်သွားပြီဖြစ်ကြောင်း၊ ၎င်း၏ ပြည်သူ့စစ်တပ်တွင်းသတင်းအရ ဆေးကုရန်သွားခြင်းဖြစ်သည်ဟု ဆိုသော် လည်း၊ မိသားစုအသိုင်းအဝိုင်းကမူ  အလည်အပတ်သက်သက်သာဖြစ်သည်ဟု သိရ၏။

မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ကိုမူ မြန်မာစစ်တပ်နှင့်ပုလဲနံပသင့်သည့် ၎င်း၏လက်ထောက် ဗိုလ်လောတွမ်က တာဝန် ယူထားကြောင်း သိရသည်။

ဗိုလ်လောတွမ်သည် ခွန်ဆာ၏ MTA တပ်ပြိုကွဲပြီးနောက် ဝ တပ်ဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သော်လည်း ၎င်းအား လက်မခံတော့သည့်နောက်ပိုင်း ဗိုလ်မွန်းတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည်မှာ ယခုတိုင်ဖြစ်သည်ဟု သိရ၏။ ဗိုလ်လောတွမ် သည်မြန်မာစစ်တပ်ဆင့်ဆိုညွှန်ကြားသည့်အတိုင်းတသဝေမသိမ်းလိုက်နာဆောင်ရွက်တတ်သူ ဖြစ်ကြောင်း လည်း ဗိုလ်မွန်းနှင့်နီး စပ်သည့်အသိုင်းအဝိုင်းကလည်းပြောပြသည်။