သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အနောက် တောင်ဘက်ရှိကျေးရွာအုပ်စုအချို့လမ်းသွား လမ်း လာမှ ဘုန်းတော်ကြီးများ ပါမကျန်မြန်မာ စစ်တပ်မှ ခေါ်ယူ စစ်ဆေး သည်ဟု ဆို၏။
“ဘုန်းကြီးတွေကို သျှမ်းတပ်နဲ့ အဆက်အသွယ်ပြုတယ်။ စကားပြောစက် ကိုင်တယ်ဆိုပြီး စစ်ဆေး တယ်။ လွတ်လွတ်လပ်လပ်ခရီးသွားလို့မရတော့ဘူး။ အခန့်မသင့်ရင် ဖမ်းဆီးရိုက်နက်ခံရမှာစိုးလို့ ကျောင်းဝင်းကနေ မထွက်ရဲတော့တဲ့အထိတောင် ရှိတယ်” ဟု တန့်ယန်းဒေသခံတဦးကပြောသည်။
မိုင်းကောင်အုပ်စု မိုင်းကောင်နှင့် ပိန်းနင်ကျောင်းတို့မှ ဘုန်းကြီးများ စကားပြောစက်ဖြင့် သျှမ်းသူပုန်အား ကူညီသတင်းယူပေးနေသည်ဟု မြန်မာစစ်တပ်ကအကြောင်းပြ စစ်ဆေးမှုပြုနေကြကြောင်း မိုင်းကောင်အုပ်စုမှ ရွာသူကြီးတဦးက ပြောပြခြင်းဖြစ် သည်။
“ လယ်ယာသွားလုပ်တဲ့လူတွေကိုတွေ့ရင် စစ်လား ဆေးလားလုပ်တယ်။ ဖမ်းဆီးတယ်။ ရိုက်တယ်။ သေနတ်နဲ့ ပစ်သတ်တယ်။ နမ့်လောင်းအုပ်စု နားထောန်ရွာသား စိုင်းကာဝိ နဲ့ တတ်လျက်ရွာသားလင်မယားလေ။ ဧပြီလထဲမှာ ပစ်သတ်ခံရတာ။ ရွာထဲဝင်တာနဲ့ ပစ္စည်းတွေ လိုချင်ရင် ယူလိုက်တာဘဲ။ ၂ ရက်နေ့က နမ့်လပ် ရွာသား ၁၅ ယောက် ရဲ့ ဝက် ၈ ကောင် ဆန် ရ အိတ် နဲ့ ရွှေငွေ၊ ဘုရားဆင်းထုတော်တွေပါမကျန်ယူသွား တယ်။ ရွာသား ၂ ယောက်ကိုရိုက် တယ်။ ပေါ်တာထမ်း ဖမ်းသွားတယ် ” ဟုလည်း အဆိုပါ ရွာသူကြီးက ပြောသည်။
ဦးဆောင်လမ်းပြလိုက်ရသည့် ဌာနေပြည်သူ့စစ်များအား သျှမ်းပြည်သားအချင်းချင်း မပစ်ခတ်လိုဟုဆိုကာ SSPP/SSA က သတိထားရှောင်တိမ်းနေရသဖြင့် ယခု ၃-၄ ရက်အတွင်း ထိုဒေသတဝိုက် တိုက်ပွဲဖြစ်ပွါးခြင်းလဲ မရှိဟုလည်း သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောသည်။
“မေလ ရ၊ ၈၊ ၉ ရက်လောက်ကစပြီး မြန်မာစစ်တပ်နဲ့အတူ ဗိုလ်မွန်းရဲ့ မန့်ပန်ဌာနေပြည်သူ့စစ် ၊ လောဝ်း မား ဦးဆောင်တဲ့ မိုင်းဟပြည်သူ့စစ်၊ ဦးခမ်းလိုင်း ဦးဆောင်တဲ့ ဟွေ့ကျိန် နောင်ဖာပြည်သူ့စစ် နဲ့ နမ့်ဖတ် လားဟူ ပြည်သူ့စစ်တွေပေါ့။ အင်အား ၂၀၀ လောက်ရှိမယ်။ တန့်ယန်းမြို့အရှေ့တောင်ဖက် မိုင် ၂၀ လောက်အကွာက နောင် ခမ်းအုပ်စု နားလောင်းအုပ်စုဖက် သျှမ်းပြည်တပ်မတော်လှုပ်ရှားနယ်မြေထဲ မွှေနှောက်နေကြတာ” ဟု သျှမ်းပြည် တပ်မ တော်မှ အရာရှိတဦးကပြောသည်။
ဌာနေပြည်သူ့စစ်များအား ဦးဆောင်လမ်းပြခိုင်းသည့်မြန်မာစစ်တပ်မှာ ကွတ်ခိုင် ခရလ ၁၄၅၊ နမ့်ဖတ်ကာ ခလရ ၁၂၃၊ မိုင်းပတ် အခြေ စိုက် ခလရ ၁၃၆ တို့ဖြစ်ကြသည်ဟုဆို၏။
“ ၈ ရက်နေ့တုန်းက နားလောင်းအုပ်စု ရွာသူကြီးတွေကိုခေါ်ပြီး သျှမ်းသူပုန်သတင်းအချိန်မီ ပို့ပေးဖို့အမိန့်ချ ထားတယ်။ အချိန်မှီသတင်းမပို့ရင် ကြီးမားတဲ့ပြစ်ဒဏ် ပေးမယ်လို့ လဲပြောလိုက်သေးတယ်။ မိုင်းကောင်အုပ်စု ၃-၄ ရွာက ဘုန်းကြီးကျောင်းလဲ မြန်မာစစ်တပ်တွေ တက်ပြီး မွှေနှောက်ရှာဖွေသေးတာဘဲ။ လမ်းသွားလမ်းလာ ဘုန်းကြီးတွေလဲ အိပ်ကပ်၊ သင်္ဃန်းထဲပါမကျန် မွှေနှောက်စစ်ဆေးတယ်တဲ့ ” ဟု တန့်ယန်းရောက် နမ့်လောင်း ဒေသခံတဦးကလည်းပြောပြသည်။
မီးရှို့ခံရသည့်အိမ်များလည်းရှိကာ ၁ လ ခွဲကာလ မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်ကြားတိုက်ပွဲများ ကြောင့် သျှမ်းပြည်အလယ်ပိုင်း ဒေသခံလူထု ဖမ်းဆီးစစ်ဆေးမှုများ တနေ့ထက်တနေ့ပိုမိုဆိုးရွားလာနေ ကြောင်း စစ်မြေပြင် အချက်အချာကျသည့် တန့်ယန်းဒေသခံတဦးက ပြောပြပါသည်။