သျှမ်းပြည်တပ်မတော် SSPP/SSA မှ ချုံခို ပစ်ခတ်ပါက ပေါ်တာထမ်း အမျိုးသမီးများအား ပြုလိုရာပြု မိမိတို့ လက်ထဲတွင်ရှိသည်ဟုဗမာ စစ်ကြောင်းကပြောကြောင်းတန့်ယန်းမြို့မှ လာသော သတင်းအရ သိရသည်။
“တန့်ယန်းကထွက်သွားတဲ့ ဗမာစစ်ကြောင်း လွယ်လန်းဖက်က သျှမ်းတပ်ကိုသွားတိုက်ဖို့တဲ့။ ၁၁ ရက်က နားခါရွာနဲ့ ဝမ့်ပုံးရွာက ရွာသား ၁၉ ယောက် ကိုပေါ်တာဖမ်းလမ်းပြခိုင်းတယ်။ မိန်းမ ၁၂ ယောက်နဲ့ ယောကျာ်း ရ ယောက်။ ပြီးတော့ အဲ့ဒီဗမာစစ်ကြောင်းကပြောတယ် - သျှမ်းတပ်က ချုံခိုတိုက်ခိုက်ရင် ပေါ်တာထမ်းတွေကို သတ်ပစ်ချင် သလား မဟားတရားပြုကျင့်ချင်သလားဆိုတာသူတို့လက်ထဲမှာဘဲရှိ တယ် တဲ့” ဟု တန့်ယန်း ရောက် ပေါ်တာအဆွဲခံ ရသူ၏ အမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
ပေါ်တာထမ်းရွာသားများလည်းကြောက်လန့်ကာ သျှမ်းတပ်ဖက်မှ ချုံခို ပစ်ခတ်တိုက်ခိုက်ခြင်းမခံရအောင် သျှမ်းတပ် ရှိမည်ထင်သည့်နေရာများ၌ အမျိုးမျိုးလျှို့ဝှက်အချက်ပြသတိပေး၍ ခရီးဆက်ကြရကြောင်း ပေါ်တာထမ်းများက ပြန်လည်ပြောပြ သည်ဟု ၎င်းကဆက်လက်ပြောပြသည်။
၁၂ ရက်၌လည်း ၁၅:၄၅ မှ ၁၈:၀၀ နာရီအထိ တန့်ယန်းမြို့အရှေ့တောင်ဖက် သံလွင်မြစ်ကြော တလျှောက် လှုပ်ရှားနေသည့် ခမယ ၅၁၃ ဗမာစစ်ကြောင်းနှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ ၏ လုံခြုံရေးတပ်မှ ဒု-ဗိုလ် စိုင်းရွှေ ဦးဆောင်သော တပ်ဖွဲ့တို့ ဝမ့်ကွန်တွန်း အနီးတိုက်ပွဲဖြစ်ပွါးရာဗမာတပ် သား ၅ယောက်သေဆုံး ကာ ၉ ယောက်ဒဏ်ရာရကြောင်း တန့်ယန်းရှိ ဝန်ထမ်းတဦးကလည်း ပြောပြသည်။
“ဒီဖက်မှာလှုပ်ရှားနေတဲ့ ဗမာစစ်တပ်ကတော့ တာ့ဝန်းကျိုင်းကအင်အား ၆၀ ကျော်နဲ့ လွယ်ချို သျှမ်းတပ် စခန်းမှာ အစားထိုး တပ်ချခဲ့တဲ့ ဗမာစစ်သား အင်အား ၈၀ ကျော် စုစုပေါင်း ၁၄၀ ရှိတယ်။ သူတို့ကို သျှမ်းတပ် ဖက် အင်အား ၈ ယောက်က ချုံခိုတိုက်ခိုက်တာ။ ဒီဖက်မှာလှုပ်ရှားနေတဲ့ သျှမ်းတပ်က အင်အား ၃၀-၄၀ ဘဲရှိတယ် ” ဟုဆိုသည်။
တိုက်ပွဲဖြစ်ပွါးသည့် ဝမ့်ကွန်တုန်းရွာအနောက်ဖက် တောင်တန်းသည် သံလွင်မြစ် အနောက်ဖက်ခြမ်း တာ့ပိန်းဖိ နှင့် တာ့ဝန်းကျိုင်းအကြားတွင်တည်ရှိသည်။
သံလွင်မြစ်အရှေ့ဖက်ကမ်းရှိတာ့ပန်လျဲမ်းကူးတို့ဆိပ်နှင့် မျက်နှာ ချင်းဆိုင် ဖြစ်၏။ အဆိုပါတောင်တန်း၏ အနောက်ဖက်တွင် လွယ်လန်းတောင်ကြောရှိပြီး တပ်စွဲရန်ကောင်း သဖြင့် ဗကပ နှင့် တိုက်ခိုက်သည့် မဆလခေတ်၌ (ယခုလက်ရှိ) ဒုတိယဗိုလ်ချုပ်ကြီးမောင်အေး တန့်ယန်း ဗျူဟာမှူးဘဝကတပ်စိုက်နေထိုင် ခဲ့ဖူး သည်ဟု လည်းပြောပြသည်။
အလားတူ ၁၂ ရက်၌ပင် မွန်းလွဲ ၁ နာရီမှ ၁ နာရီခွဲအထိ နာရီဝက်အကြာ တန့်ယန်းမြို့နယ်တောင်ဟျိုး အုပ်စု အနောက် မြောက်ဖက် ဝမ့်ခိုယောင်းရွာအနီး ခမရ ၅၁၃ မှ စစ်ကြောင်းနှင့် သျှမ်းတပ်မဟာ ၃၆ လုံခြုံရေး စစ်ကြောင်း တို့ တိုက်ပွဲဖြစ်ပွါးရာ ဗမာတပ်သား ၃ ယောက်သေကာ ၆ယောက်ဒဏ်ရာရှိ ကြောင်းလဲ သျှမ်းပြည် တပ်မတော် SSPP/SSA သတင်းရပ်ကွက်က ပြောသည်။
ယမန်နေ့ ၂၁ ရက်ကမူ တန့်ယန်း တောင်ဖက် မိုင် ၃၀ ကျော်အကွာ တောင်ပေါ်ပလောင်ရွာ၌ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ရာ အသေအပျောက်စာရင်းမသိရသေးကြောင်း အဆိုပါသတင်းရပ်ကွက်ကပြော၏။ သျှမ်းပြည်တပ် မတော်လှုပ်ရှားသည့် နယ်မြေ အတွင်းဖြစ်ပွါးသောနေရာများမှာ နမ့်လပ်အုပ်စုပန်ဟုန်းရွာ နှင့်တောင်စင်ရွာ ကြား ကျူမိုင်းဟစ်တွင်တကြိမ်၊ ပန်ဟုန်းရွာအနီးတွင်တကြိမ်နှင့်တောင်စင်ရွာ အနီး တွင်တကြိမ်ဖြစ်သည်ဟု လည်း သိရသည်။