ရဲအထူးသတင်းတပ်ဖွဲ့ သစ်မှောင်ခိုများထံမှ ငွေကောက်

ရဲအထူးသတင်းတပ်ဖွဲ့ သစ်မှောင်ခိုများထံမှ ငွေကောက်
by -
သျှမ်းသံတော်ဆင့်

တရုတ်ဘက် တရားမဝင် သစ်တင်ပို့သည့်မှောင်ခို သမားများထံမှ သျှမ်းပြည် (မြောက်ပိုင်း)နမ့်ခမ်းမြို့ နယ် သတင်းရဲ အထူးတပ်ဖွဲ့(SB)က သစ်ကား တစ်စီး ကျပ်ငွေ ၅၄ သိန်းနှုန်း တောင်းယူ နေကြောင်း သိရသည်။

TEAK_LOGS_FROM_MYANMAR

နမ့်ခမ်းမြို့နယ် မုံးဝီးဒေသထွက် သစ်မာများကို တရုတ် - မြန်မာနယ်စပ် ရွေလီမြစ်ဘေးအထိ ကားများဖြင့် သယ်ယူနေရာ ယခုလ ၁၇ ရက်  ခန့်မှ စ၍ ရဲများက ကားလမ်းစောင့် ငွေတောင်းယူခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သရီးကရောင်းတစ်စီး ဆိုရင် ၅၄ သိန်းယူတယ်၊ အရင်တုန်းကတော့ ရုံးမှာပဲ သွားသွင်းရတယ်။ အခု နမ့်တီးရွာမှာ စောင့်ပြီး တောင်းတယ် သူတို့စောင့်တာ ၃ ရက်လောက်ရှိပြီ သစ်တွေက မုံးဝီးအုပ်စု မန့်တုံ့၊ ဟိုမုန်းရွာဘက်ကလာတယ်၊ တရုတ်နယ်စပ်ဝင်လာရင် မန့်နောင်လှေ ဆိပ်မှာသွားချတာပေါ့ ” ဟုနမ့်ခမ်း ဒေသခံတစ်ဦးက ဆိုသည်။

ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင်များထဲတွင် တပ်ကြပ်ကြီး အောင်သင်းဦး၊ သန်းကျော်နှင့် ခင်မောင်ဝင်းတို့ ပါ၀င်ကြောင်း သူက ဆက်ပြောသည်။

လွန်ခဲ့သည့် လပိုင်းအတွင်း အဆိုပါလမ်းမှ တရုတ်နိုင်ငံဘက် တရားမဝင် သစ်တင်ပို့မှု ပိုများလာသော်လည်း  သင်္ကြန်ကာလအနည်းငယ် ရပ်နားသွားကြောင်း ယခုအခါ တစ်ရက်လျှင် သစ်ကား ၁၀ စီးကျော်ခန့်ဝင်နေ ကြောင်း ဒေသခံ များကဆိုသည်။

ထို့အပြင် ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းမှ ကျွန်းနှင့် တာမလန်းသစ်မာများ တရုတ်နယ်စပ် ရွှေလီ -နောင်တောင်း လမ်း အတိုင်း တရုတ်နိုင်ငံဘက်သို့ အဝင်စိပ်လာကြောင်း သိရသည်။