ငလျင်ဘေးအတွက် ကျပ်သိန်း ၂၀ နမ့်ခမ်း ကျားဖြူ လှူ

ငလျင်ဘေးအတွက် ကျပ်သိန်း ၂၀ နမ့်ခမ်း ကျားဖြူ လှူ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (အရှေ့ပိုင်း) ရှိ မြေငလျင်ဘေးသင့် ပြည်သူများ အတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ နယ် ကျားဖြူပါတီ က ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့က  ကျပ် ၁၀ သိန်းနှင့် ရ ရက်နေ့တွင်  ကျပ် ၁၀ သိန်း စုစုပေါင်း သိန်း ၂၀ ကိုတာချီလိတ် မြို့ ရှိ ကျားဖြူပါတီရုံးသို့ ဘဏ်မှတဆင့်ပေးပို့ လှူဒါန်းခဲ့ကြောင်းကျားဖြူပါတီသတင်း ရပ်ကွက်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ အလှူငွေကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ရ ရက်နေ့အထိ  နမ့်ခမ်းမြို့နယ်ရှိကျားဖြူပါတီဝင်များ အတွင်း ကောက် ခံခဲ့ကြောင်း သိရသည်။

“တခြားဆီမှာတော့ အလှူငွေမကောက်ပါဘူး ကိုယ့်ပါတီဝင်တွေထဲမှာပဲကောက်တယ် ၄ ရက်နေ့က ၁၀ သိန်း ပထမ အ သုတ်လှူတယ် ဒုတိယအသုတ်က ရ ရက်နေ့မှာ ၁၀ သိန်းလှူတယ် ကြေညာထား တာကလည်း မတ် ၂၉ ကနေ ရ ရက် နေ့အထိပဲဆိုတော့ နောက်ထပ်လှူဖို့တော့လောလောဆယ်မရှိ သေးဘူး ” ဟု ပါတီနှင့် နီးစပ်သူက ပြောသည်။

မတ်လ ၂၄ ရက်နေ့က သျှမ်းပြည် (အရှေ့ပိုင်း) လွယ်မွေဒေသကို ဗဟိုပြု၍ ပြင်းအား ရ ရှိ မြေငလျင် လှုပ်ခတ် ခဲ့ရာ သေဆုံး သူ ရ၄ ဦး ၊ ဒဏ်ရာရသူ ၁၁၁ ဦး ၊ အိမ်ခြေ ၃၄၀ ၊ ဘုန်းကြီးကျောင်း ၁၄ နှင့် အဆောက်အဦ ၉ လုံး ပျက်စီးကြောင်း စစ်အစိုးရ မီဒီယာက ထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရူံးမှုများ ပြန်လည်တည်ဆောက်ရေးနှင့် ငလျင်ဘေးသင့် ပြည်သူများ အတွက် အကူငွေ အမြောက်အများကို နိုင်ငံတကာမှ မြန်မာစစ်အစိုးရထံ လှူဒါန်းခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့် ဒေသအတွင်း ပြန်လည်တည်ဆောက်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် နှောင့်နှေးနေကြောင်း သိရသည်။