သျှမ်းရိုးရာ သင်္ကြန် ယူနန်တွင် စည်ကားစွာ ကျင်းပမည်

သျှမ်းရိုးရာ သင်္ကြန် ယူနန်တွင် စည်ကားစွာ ကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

ယခုနှစ် ကျရောက်မည့် တရုတ်နိူင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်း အတွင်းရှိ သျှမ်းလူမျိုးများ၏ ရိုးရာသင်္ကြန်ပွဲကို တယ်ဟုန်(တိုက်ခုန်း) တိုင်း မြို့တော် မန်စီ (မိန်းခွမ်) မြို့၌ တခမ်းတနား ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

water_fasitval

ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး သျှမ်း/ဗမာအဆိုတော်များလာရောက်ဖျော်ဖြေ မည် ဖြစ်ကြောင်း တရုတ် သတင်းရပ်ကွက်နှင့် နီးစပ်သူများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗမာပြည်က အဆိုတော်တွေ အယောက် ၂၀ လောက်လာမယ် ဒီနှစ်မန်စီမှာ အကြီးအကျယ်လုပ်မယ် ဗမာတွေလည်း သွားကြဆိုပြီး တရုတ်တွေ ကိုယ်တိုင် ပြောနေတာ ” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
နှစ်စဉ် သင်္ကြန်ပွဲအား သျှမ်းနှင့်ကချင် လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တယ်ဟုန်တိုင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်း ပလာသော်လည်း ယခုနှစ်တွင် ပိုမိုစည်ကားစွာ ကျင်းပရန် မန်စီမြို့ကို ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ခါတိုင်းနှစ်တွေတော့ တိုက်ခုန်းတိုင်းထဲမှာ နေရာအနှံ့ကျင်းပလာတာပေါ့ ဒီနှစ်တော့မိန်းခွမ်မြို့မှာ ကျင်းပမယ်၊ နောက်နှစ် တွေမှာ အလှည့်ကျ ကျင်းပသွားမယ်၊ သျှမ်းနဲ့ကချင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ သျှမ်းလူမျိုး ကိုယ်စားပြုပြီး ကျင်း ပတာ၊  တိုက်ခုန်းမှာရှိတဲ့ မြို့တွေက မိန်းခွမ်ကိုတက်ပြီး ပျော်ရမှာပေါ့ အခု ဆိုင်းဘုတ်တွေနဲ့ ကြော်ငြာထားပြီ” ဟု တရုတ် နယ်စပ် ဒေသခံ နောက်တစ်ဦးက ပြောသည် ။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ တစ်ဘက်ကမ်းရှိ ရွေလီမြို့တွင် နှစ်စဉ် သျှမ်းရိုးရာသင်္ကြန်ပွဲတော်စည် ကားစွာ ကျင်းပလာရာ မြန်မာဘက်မှ ဒေသအဆင့်အာဏာပိုင်များ တက်ရောက်ကြပြီးလှယဉ်ကျေးမယ်ပြိုင်ပွဲ များ အဆိုအကများ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲ အစီအစဉ်များ ပါ၀င်သည် ။

အလားတူ ယူနန်ပြည်နယ် သျှမ်းလူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှစ်ဆောင်ပါးနားဒေသတွင် နှစ်စဉ် သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပလေ့ရှိကြောင်း သိရသည် ။

သျှမ်းလူမျိုးများက သင်္ကြန်အကြိုနေ့မှစ၍ တောတောင်များအတွင်း သင်္ကြန်ပန်းခူးကာ ပွဲတော်ကိုစတင်ဆင် နွဲကြသည်။