ငလျင်ဒဏ်သင့် ပြည်သူ့စစ် ကျေးရွာများ နအဖ မျက်နှာသာပေး ထောက်ပံ့

ငလျင်ဒဏ်သင့် ပြည်သူ့စစ် ကျေးရွာများ နအဖ မျက်နှာသာပေး ထောက်ပံ့
by -
သျှမ်းသံတော်ဆင့်

ငလျင်ဒဏ်ခံရသည့် ဒေသတွင် သာမာန်ကျေးရွာ၊ ရပ်ကွက်ပြည်သူများထက် နအဖ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ မိသားစု ကျေးရွာများအား စစ်အာဏာပိုင်များ  ပိုမို အသားပေး ထောက်ပံ့ နေကြောင်း သိရသည်။ ...

ငလျင်ဒဏ်ခံရသည့် ဒေသတွင် သာမာန်ကျေးရွာ၊ ရပ်ကွက်ပြည်သူများထက် နအဖ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ မိသားစု ကျေးရွာများအား စစ်အာဏာပိုင်များ  ပိုမို အသားပေး ထောက်ပံ့ နေကြောင်း သိရသည်။

ငလျှင်ဒဏ် ခံရသူများနေသည့် ယာယီတဲများ (ဓာတ်ပုံ-S.H.A.N.)“ဗမာအာဏာပိုင်တွေ ငလျင်ဘေးသင့်တဲ့ လူကိုတောင်မှ မျက်နှာလိုက်ပြီး ကူညီတယ်။  ပြည်သူ့စစ် တွေများ တဲ့ရွာဆိုရင် ဆန်အိတ် လိုက်ပေးတယ်။ သာမာန်ရွာဆိုရင် နို့ဆီခွက်နဲ့ ချိန်ပေးတယ်။ ခွန်ဆာ့ လူတွေရဲ့ရွာလို့ နာမည်ကြီးတဲ့ မန့်တုန့် ရွာဆို အကူအညီတောင် မရဘူး။ မိုင်းလင်းမှာ ရွက်ဖျင်တဲ ၅တဲလောက်ထိုးထား ပေးတယ်။ မစုတ်စေရ၊ အစွန်း အထင်း မရှိစေရဘူးတဲ့။ အားလုံးပြန်ယူမယ်လို့- မှာသွားသေးတယ်” ဟု ငလျင်ဘေးသင့်သူ မိုင်းလင်းဒေသခံတဦးက ပြောသည်။

ဂျကူနီ လားဟူပြည်သူ့စစ်ခေါင်းဆောင်နေထိုင်သည့်ရွာတွင်   ၅၇ ယောက် ထိခိုက်ဒဏ်ရာရကာ ၂၃ယောက်သေ ဆုံး သည်ဟု ၎င်းတို့အဖွဲ့ကပြောကြောင်း တာချီလိတ်ဒေသခံတဦးကပြောသည်။ (လားဟူအမျိုးသမီး အဖွဲ့ချုပ်ကမူ ဂျကူးနီ ရွာတွင် ၂၂ ယောက်သေဆုံး၊ ၅၅ ယောက်ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။)

“ဂျကူနီရွာက အိမ်ခြေ ၁၄၆ အိမ်ပျက်စီးတယ်။  တာ့လေမှာကျတော့ လားဟူအိမ် ၆၀ လုံး ပျက်စီး တယ်။ ၂၇ ရက်နေ့ တုန်းက တြိဂံတိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးကိုယ်တိုင် လားဟူပြည်သူ့စစ်အကြီး အကဲတွေကိုဆင့်ခေါ်ပြီး ပျက်စီးသွားတဲ့ အိမ် ၂၀၆ လုံးအတွက် ၁၅ သန်း( သိန်း ၁၅၀ ) ကူညီထောက်ပံ့ခဲ့တယ်” ဟု ၎င်းကပြောသည်။ တအိမ်လျင် ကျပ် ရ၂၈၁၅ ကျပ် (ထိုင်းဘတ်ငွေ ၂၅၀၀ ခန့်) ရရှိမည် ဖြစ်သည်။

၂၈ ရက် ည နှင့် ၂၉ ရက် မနက်ပိုင်းတွင်လည်း (၃-၄ ရစ်ခ်ျတာစကေးဟုခန့်မှန်းရသော)ပြင်းအားအနည်းငယ်ရှိ သည့် ငလျင် ၃  ကြိမ်လှုပ်ရှားရာ ဒေသခံလူထုတို့ ကွင်းပြင်၌ထွက်အိပ်ကြရပြန်သည်ဟု ဆို၏။

အတည်မပြုနိုင်သေးသည့်သတင်းအရ ၂၈ ရက်နေ့တွင် မိုင်းလင်းရှိရွာတရွာ၌ အသက်ရှင်လျက် ကလေး၂ ယောက် (မောင်နှမ) အား အိမ်အပြိုအပျက်ကြားမှ ဒေသခံများ ကယ်ယူရရှိကြောင်း၊ ၎င်းတို့မိဘနှစ်ပါးလုံး  သေဆုံးသွားပြီဖြစ် ကြောင်း - ကြားသိရသည်။

ယနေ့ထိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်နှင့် ထိုင်ဖက်ခြမ်း မယ့်ဆိုင်ဆေးရုံသို့ရောက်ရှိနေကြသည့်  ထိခိုက်ဒဏ်ရာရသူ ၆၀ ထက်မနဲ ရှိနေသေးကြောင်း - ပုဂ္ဂိုလ်ရေးအရ ကူညီကယ်ဆယ်ရေးလုပ်နေသူတဦး ကလည်း ပြောသည်။

ယခုလ ၂၄ ရက်ညက ရ ရစ်ခ်ျတာစကေးရှိ ဗဟိုပြု လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ကျေးရွာ ၁၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရပြီး လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်သည်။ ခေတ်မီကယ်ဆယ်ရေးကိရိယာများမရှိခြင်း၊ အာဏာပိုင်များထံမှ အကူအညီအပြည့်အဝမရခြင်း၊ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးသာရှိခြင်းနှင့် နှံ့စပ်ကျွမ်းကျင်ပညာရှင်မရှိခြင်းတို့ကြောင့် ယနေ့တိုင်ဒေသခံလူထုဒုက္ခရောက်နေရကြောင်း တာချီလိတ်နေ စေတနာရှင် တဦးကပြောသည်။