သံလွင် အရှေ့ခြမ်းရှိ သျှမ်းပြည် တပ်မတော်နှင့် ကရင်တပ်ဖွဲ့ ရာချီစစ်အင်အား သံလွင်အနောက် ခြမ်း သို့ အင်အားဖြည့် မည့် နအဖသတင်းကြောင့် စစ်ယဉ်တန်း ၁၆ စီး သံလွင်အရှေ့ခြမ်းသို့ ရောက်ရှိ လာသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆို ...
သံလွင် အရှေ့ခြမ်းရှိ သျှမ်းပြည် တပ်မတော်နှင့် ကရင်တပ်ဖွဲ့ ရာချီစစ်အင်အား သံလွင်အနောက် ခြမ်း သို့ အင်အားဖြည့် မည့် နအဖသတင်းကြောင့် စစ်ယဉ်တန်း ၁၆ စီး သံလွင်အရှေ့ခြမ်းသို့ ရောက်ရှိ လာသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ အတွင်း သံလွင် အနောက်ခြမ်းမှ (မိုင်းပန်ဖက်မှ လာသော) နအဖစစ်ယာဉ်တန်း ၁၆ စီး (တာ့ဆန်း တံတားကျော်ဖြတ်၍) မိုင်းတုံသို့ရောက်ရှိကာ မိုင်းကျွတ် မိုင်းထားသို့ ထပ်မံ ပို့လွှတ်လိုက်သည်ဟု အမည်မဖော် လိုသည့် မိုင်းတုံဒေသခံ တဦးကပြောသည်။
“၂၇ ရက် မိုင်းတုံကိုရောက်လာတာ ၁၆ စီး။ ၂၈ ရက် မနက်ပိုင်းကျတော့ ပုံပါကျင်ကို ရ စီး၊ မိုင်းကျွတ် မိုင်းထားဖက်ကို ၆ စီးဆင်းသွားတယ်။ မိုင်းတုံမှာ ၃ စီးကျန်ခဲ့တယ်ဆိုဘဲ” - ဟု ပြောသည်။
“မကြာသေးခင် ဗမာစစ်တပ် ကြားရတာက သျှမ်းတပ်တွေ သံလွင်အနောက်ခြမ်းကို အားသွားဖြည့်မယ်ဆိုဘဲ။ သူတို့နဲ့ အတူ ကရင်တပ်လဲ ပါတယ်လို့သူတို့ပြောတယ်။
ကြိုတင်သွားပြီးဖြတ်တောက်ပိတ်ဆို့တာ့လဲဖြစ်နိုင်တယ်။” ဟု နယ်စပ်မှ ကုန်ကားဆရာတဦးကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။
ယခင်လကလည်း သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့ ပါဆာရပ်ကွက်ရှိ နအဖတပ် ခမရ ၅၇၆ အနီး သျှမ်းပြည်တပ် မတော် စစ်ကြောင်း ဖြတ်သန်းသွားစဉ်ကလည်း ၎င်းထိန်းချုပ်နယ်မြေအတွင်း သေနတ်သံ မထွက်စေရ ပေါ်လစီသစ် ကြောင့် တပ်နယ်မှူးသစ်ဗိုလ်မျူးကြီးဌေးဝင်းက လျစ်လျူရှုထားခဲ့သည်ဟု မိုင်းပန် ကုန်သည်တဦးကပြောသည်။
“ သျှမ်းတပ်တက်လာတယ်ဆိုတဲ့အကြောင်း သတင်းပို့တဲ့လူကို တပ်နယ်မှူးသစ် ဌေးဝင်းက မသိသလိုနေလိုက်- လို့ပြန်ပြောတော့ ကျန်တဲ့လူတွေက အံ့ဩနေကြတယ်။ သူက ကျိုင်းတောင်းမှာ ထိုင်တာလေ။ ပြောင်းလာတာ မကြာသေးဘူး။ ကျိုင်းတောင်း၊ ခိုလမ်၊ ကွန်ဟိန်း၊ နမ့်ဇန်၊ လင်းခေး၊ မိုင်းပန်၊ တာ့ဆန်း၊ မိုင်းတုံ တပ်တွေ လဲသူက ထိန်းချုပ်တယ်ဆိုဘဲ။ သူက တိုင်းဗဟို အမှတ် ၃ တပ်မတော်အတန်းမြင့် လေ့ကျင့်ရေးကျောင်းက သင်တန်းမှူး လဲဖြစ်တယ်” ဟု ၎င်း၏ အကြောင်းသိသူတဦးကလဲပြောသည်။
ထိုသို့ သေနတ်သံမထွက်စေရ ပေါ်လစီမှာ ယခုနှစ်ဆန်းပိုင်းကမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး၎င်းတို့ စစ်အင်အားကို သျှမ်းပြည်တပ်မတော် SSPP/SSA သို့ အားဖြည့်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၌အသုံးပြုရန်အတွက် ထားရှိရန်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးကပြောသည်။
“ ဌေးဝင်းမလာခင် တပ်နယ်မှူးဟောင်းတုန်းက တန်ဆောင်မုန်းလကနေ ပြာသိုလအတွင်း ၃ လ ထဲမှာ သျှမ်းတပ်က တိုက်လို့ ကျိုင်းတောင်းအခြေစိုက်တဲ့ တပ်ရင်း ၄ ရင်းက စစ်သား ၂၄ ယောက်သေတယ်လေ။ အခုအတောအတွင်းလဲ မြောက်ပိုင်း သျှမ်းတပ်ကိုသွားတိုက်ဖို့ ရှိတယ်ဆိုတော့ သူတို့စစ်သားတွေကိုထပ်မသေ စေချင်တဲ့သဘောပေါ့။ အဲဒါ ကြောင့် သျှမ်းတပ်က သူတို့တပ်စခန်း တောင်ခြေနားပတ် သွားတာ တောင်မသိကျိုးကျွံ ဘဲနေခဲ့တာ” ဟု ၎င်းကပြော သည်။
အဆိုပါကျိုင်းတောင်းအခြေစိုက်တပ်ရင်များမှာ အမှတ် ၁ ရပ်ကွက် ကွန်မုန့် အခြေစိုက် ခမရ ၅၆၉ တပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်၊ ရပ်ကွက် ၄ တာ့ကွန် အခြေစိုက် ခမရ ၅၇၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီမင်း၊ ရပ်ကွက် ၆ ပါဆာ အခြေစိုက် ခမရ ၅၇၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဇော်ဦး၊ ဇုံအန် အခြေစိုက် ခမရ ၅၇၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်နိုင်ထွန်း တို့ဖြစ်ကြသည်။
ယခုလ ၁၀ ရက်နေ့ကလည်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်မည့် သျှမ်းပြည်အလယ်ပိုင်း ခိုလမ်မြို့နယ် ခွဲသစ်တဝိုက်တွင် သျှမ်းပြည်တပ် မတော် (တောင်ပိုင်း)နှင့် ကွန်ဟိန်းအခြေစိုက် ခလရ ၂၄၆ ၊ ခမရ ၅၂၄ တို့ရင်ဆိုင် တိုက်ပွဲဖြစ်ပွါးခဲ့သေးသည်။