သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် SSPP/SSA လက်ဖြောင့် တပ်ဖွဲ့က နယ်ကျွံနအဖ စစ်ကြောင်းအား ပြောက်ကျားနည်း စစ်ဆင်ရေးဖြင့် နအဖ စစ်ကြောင်းအား ဆက်တိုက် ...
သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် SSPP/SSA လက်ဖြောင့် တပ်ဖွဲ့က နယ်ကျွံနအဖ စစ်ကြောင်းအား ပြောက်ကျားနည်း စစ်ဆင်ရေးဖြင့် နအဖ စစ်ကြောင်းအား ဆက်တိုက် တိုက်ခိုက်ခဲ့ ကြောင်း မိုင်းရယ် ဒေသခံ သတင်းရပ်ကွက်မှ ကြားသိရပါသည်။
“အခုပြီးခဲ့တဲ့ သောကြာနဲ့ စနေ၊ တနင်္ဂနွေကဘဲ သျှမ်းတပ်ဘက်ကနေ ဗမာစစ်တပ်ကို ပြောက်ကျားနည်းနဲ့ ဆက်တိုက် တိုက်ခိုက်တယ်။ မနေ့တုန်းက အထိ ၄-၅ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်တယ်။ နအဖဘက် အနည်းဆုံး တယောက် ၄-၅ ယောက်တော့ သေတာဘဲ” - ဟု လားဟူပြည်သူ့စစ်ခေါင်းဆောင် နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။
မတ်ခ်ျ ၂၅ ရက် ၌ တပ်သား စိုင်းကျောင်းဦးဆောင်သည့် လက်ဖြောင့်တပ်သား ၆ ယောက်ပါတပ်ဖွဲ့တဖွဲ့က နအဖတပ် ခလရ ၁၂၉ အား မိုင်းရယ်တောင်ဘက် ဝမ့်ပုံရွာအနီး ဝမ့်ဖိုင်တောင်ဘက်၌(၀၉ ၃၀ - ၁၀ ၀၀ နာရီ)ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ နအဖ တပ်ဘက်မှ ၄ သေ၊ ၄ ယောက်ဒဏ်ရာရရှိကြောင်း SSPP/SSA မှ ခြုံခို တိုက်ခိုက်သောကြောင့် သေကျေဒဏ်ရာရရှိသူမရှိကြောင်းပြောပါသည်။
ထို့အတူ ထိုနေ့ရက်ပင် ဗိုလ်စိုင်းဇင်မိဏ်းဦးဆောင်သည့် (တပ်မဟာ ရ၄ လက်အောက်ခံ) တပ်ရင်း ရ၆၆ က နအဖ စစ်ကြောင်းတခုအား နားခါ့အုပ်စုဝင် နောင်လိုင်ရွာ နှင့် ကောင်းဆန်းရွာအကြာ (တန့်ယန်းမြို့ တောင်ဘက်) တနာရီ ကြာတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့သေးကြောင်း၊ နှစ်ဦးနှစ်ဘက် အသေပြောက်စာရင်း စစ်ဆေးနေကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ဤကဲ့သို့ပြောပါသည်။
“အစတုန်းက နအဖက သျှမ်းတပ်ဖွဲ့ကို လိုက်တိုက်တာ။ သျှမ်းတပ်က အရှေ့အနောက်လိုက်၊ ဂွင်ထဲကျအောင် ပိတ်တိုက်တော့ နယ်မြေလဲသူတို့မကျွမ်းဘူးလေ အများအပြားသေမှာဘဲ ဗမာဘက်က။ အသိကျတော့မသိဘူး။”
မတ်ခ်ျ ၂၆ ရက်နေ့ မွန်းလွဲ ၁၅ :၂၀ မှ ၁၅ : ၄၅ နာရီအထိ ကျေးသီးမြို့နယ် ကျေးသီး အရှေ့တောင်ဘက် ၁၄ မိုင် အကွာနောင်ဆွမ်းတိုက်နယ် နောင်ဆွမ်း နှင့် ဝမ့်ဖိန်း အကြား ဗိုလ်မှူးအေးအောင်ဦးဆောင်သော ခမရ ၅၇၈ နှင့် တိုက်ပွဲတွင် ဗိုလ်စိုင်းထွန်းဇံ ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း၊ နအဖ ဘက် ၂ ယောက်သေ ၃ ယောက် ဒဏ်ရရရှိခဲ့ ကြောင်း၊ ထို့နေ့၌ပင် တပ်ရင်း ရ၆၆ လက်အောက်ခံ တပ်ကြပ်ကြီး စိုင်းဆာ ဦးဆောင်သည့် တပ်ဖွဲ့ကလည်း နအဖ တပ်အား (မိုင်းအောတ်ကျေးရွာအုပ်စု မိုင်းရှူးမြို့နယ်) ဝမ့်ကုံကိုင် နှင့် နမ့်ပေါ်မိုင်အကြား တိုက်ခိုက်ရာ နအဖ ဘက်မှ ၁ ယောက်သေ ၂ ယောက်ဒဏ်ရာရှိခဲ့ကြောင်း SSPP/SSA အရာရှိတဦးကပြောပါသည်။
“၂၆ ရက်နေ့ဖြစ်တဲ့တိုက်ပွဲက နအဖ တပ် ခမရ ၅၇၈ ဗိုလ်မှူးအေးအောင်ဆိုတဲ့ ဗမာစစ်ဗိုလ်က ဦးဆောင်တယ်။ အင် အား ၃၀-၄၀ ကြားရှိမှာပေါ့။ အဲဒီ့စစ်ဗိုလ်က အရမ်းကြမ်းတယ်။ တွေ့တဲ့ရွားသား အရိုက်ခံရတာဘဲ။ သူတို့က လင်းခေး ကနေလာတာလေ။ သူတို့စစ်ကြောင်းလှည့်လည်မွေနောက်နေတုန်း အတိုက်ခံရတာ။ ဝမ့်ဖိန်းတို့ ဝမ့်နောင်ဆွမ်း တိုက်ပွဲဖြစ်တဲ့နေရာက ဒီအပစ်အခတ်ရပ်စဲတဲ့ နှစ် ၂၀ လုံးလုံး သေနတ်သံလုံးဝ မကြားရတဲ့ဒေသ။ အပစ်အခတ် မရပ်ခင်တုန်းကတော့ မကြာခဏတိုက်ပွဲအပြင်းအထန်ဖြစ်တဲ့နေရာ။ ဖြစ်တိုင်းအတိုက်ခံရတဲ့ဘက်က သေတာများ တယ်”
မတ်ခ်ျ ၁၃ ရက်နေ့ကတည်းက စတင်ကျူးကျော်တိုက်ခိုက်ခံရသော သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ် မတော် SSPP/SSA သည် နအဖ စစ်အုပ်စု ဝါဒဖြန့်ထားသည့်အတိုင်း လက်နက်ချ အညံခံမည်ဟုတ် အမျိုးသားတန်း တူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြီးသည့်အပတ်ကကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။