သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မြောက်ဖက် ကျေးရွာ အချို့တွင် စပါးစိုက်ပျိုးရေးအတွက် လယ်သွင်းချောင်း ရေကို ချောင်းအထက်ပိုင်းမှ ဒေသခံများ ၏လယ်မြေများ သိမ်းယူထားသော ရဲ နှင့် စစ်တပ် ...
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မြောက်ဖက် ကျေးရွာ အချို့တွင် စပါးစိုက်ပျိုးရေးအတွက် လယ်သွင်းချောင်း ရေကို ချောင်းအထက်ပိုင်းမှ ဒေသခံများ ၏လယ်မြေများ သိမ်းယူထားသော ရဲ နှင့် စစ်တပ်တို့က ပိတ်လိုက် သောကြောင့် ချောင်း အောက်ပိုင်းရှိ ကျေးလက်လယ်သမား များ၏ နွေစပါးအတွက် အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရပါသည်။
“ချောင်းအထက်ပိုင်းမှာ ရဲနဲ့စစ်တပ်ပိုင် လယ်ကွက်တွေ ရှိတယ်။ သူတို့ရဲ့ လယ်တွေ ေရေလုံလုံ လောက် လောက် သုံးနိုင်ဖို့ ချောင်းကိုပိတ်လိုက်တယ်။ ချောင်းအောက်ပိုင်းမှာ ရေမရတော့ လွယ်ကွင်းထဲရေမသွင်းနိုင် လို့ လယ်သမား တွေ အခက်တွေ့တာပေါ့။ နွေစပါး စိုက်ခိုင်းတာလဲ သူတို့ဘဲ ” ဟု အခက်အခဲ ကြုံနေရသည့် ဒေသခံ လယ်သမား တစ်ဦးက ပြောပါသည်။
ရေအခက်အခဲ ကြုံတွေ့နေရသည့် ကျေးရွာများမှာ ကျိုင်းတုံမြို့ မြောက်ဘက်ရှိ ၀မ့်ဆောင်း၊ ယန်းလောနှင့် ကတ်ထိုက် ကျေးရွာအုပ်စုဖြစ်ပြီး လယ်ဧက ရဝဝ ခန့် ရေမရရှိကြောင်း၊ ယခုလမှ စ၍ နွေစပါး စတင်စိုက်ပျိုး နေကြကြောင်း သိရ ပါသည်။
လယ်ယာစိုက်ပျိူးရေး ဦးစီးဌာနက လယ်သမားများကို မစိုက်မနေရ နွေစပါး စိုက်ပျိုးခိုင်း သောကြောင့် လယ်သမားများ အနေဖြင့် မလွန်ဆန်ပဲ နှစ်စဉ် စိုက်ပျိုးရသော်လည်း ထိုကဲ့သို့ အခက်အခဲ တွေ့ရခြင်း ဖြစ်သည်။
“သူတို့ဆီမှာရေဖွင့်ပေးဖို့ သွားတောင်းရင်လဲ အော်ငေါက်ခြိမ်းခြောက်တယ်။ တစ်ခါသွားပြောရင် လေးငါးထောင် လက်သိပ်ထိုး ပေးရတယ်။ နောက် တော့ ပြန်ပိတ်တာဘဲ” ဟု ကတ်ထိုက််ကျေးရွာမှ အဆိုပါ လယ်သမားက ပြောပါသည်။
ယင်းကိစ္စ နှင့်ပါတ်သက်၍ ကျိုင်းတုံ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး စိုင်းဟွမ်နွဲ့ ထံ သွားရောက် တင်ပြကြသော်လည်း ၎င်းက ရဲ နှင့် စစ်တပ်တောင်းသည့် ငွေကို ပေးခိုင်းကြောင်း “ အဲလောက်လေး ပေးရတာ ဘာမှမဖြစ်စလောက်ဘဲ။ အသေးအမွှားကိစ္စ ကိုရေးကြီးခွင်ကျယ်မလုပ်ချင်ပါနဲ့” ဟုလယ်သမားများ အား ပြောကြောင်း ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောပါသည်။
ရပ်ရွာအကြီးအကဲအချို့ကလည်း လယ်ယာစိုက်ပျိုးရေးဦးစီးဌာနသို့ လယ်သမားများ၏ အခက်အခဲကို ကူညီတင်ပြပေးသော်လည်း ဖြေရှင်း ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။