သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်း အရှေ့တောင်ဘက်ရှိ မိုင်းရှူးမြို့ထဲ၌ နအဖစစ်သား၊ ယာဉ်တန်းနှင့် ဝန်တင် လား၊ မြင်းအမြောက်အများ တွေ့ရသဖြင့် မြို့ခံလူထုတို့ စိုးရိမ်ထိတ်လန့် ...
သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်း အရှေ့တောင်ဘက်ရှိ မိုင်းရှူးမြို့ထဲ၌ နအဖစစ်သား၊ ယာဉ်တန်းနှင့် ဝန်တင် လား၊ မြင်းအမြောက်အများ တွေ့ရသဖြင့် မြို့ခံလူထုတို့ စိုးရိမ်ထိတ်လန့် နေကြကြောင်း သျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။
တနင်္ဂနွေနေ့က သံလွင်အရှေ့ခြမ်းမှလာသော တစီးလျှင်ဝန်တင် လား၊ မြင်းအနည်းဆုံး ၆ ကောင်တင် စစ်ကား ၂၃ စီးမှာ မိုင်းရှူးမြို့ ယုံးပေါင် ဘုန်းကြီးကျောင်းဝင်းအတွင်း ပြည့်နှက်နေသည်ဟု မိုင်းရှူးဒေသခံ လူလတ်ပိုင်း အမျိုးသား တဦး က ပြောသည်။
“စစ်ကား၂၃ စီး။ တစီးမှာအနဲဆုံး ၆ ကောင်တင်တယ်။ ဒီနေ့မနက် မိုင်းရှူးအရှေ့မြောက်ဖက် ၆ မိုင်လောက်ဝေးတဲ့ လွယ်နိုင်း ဘက် ဆွဲသွားတာ။ မြင်း ၃ ကောင် လူ ၂ ယောက် တတွဲပေါ့။ သံလွင် မြစ်ဖက်ဆင်းသွားမယ့် နမ့်ဇဲန်၊ လွယ်ချိုဖက်သွား မှာ။ အဲလမ်းသွားရင်တော့ နမ့်ပန်ချောင်းအရှေ့ဖက် သျှမ်း တပ်ကိုသွားတိုက်ဖို့ဘဲရှိတယ်” ဟု ဆို သည်။
လွယ်နိုင်းရွာ၌ (စုရပ်ခေါ်ထားပုံရသော) နအဖစစ်သားများ တရွာလုံးပြည့်နေသဖြင့် ယမန်နေ့ကကလေးလူကြီး ကျားမ ရွာသား ၈၀ ခန့် ထိတ်လန့် ကာ ထော်လာဂျီ ၃ စီးအပြည့် မိုင်းရှူးသို့တိမ်းရှောင်ကြကြောင်း၊ မိုင်းရှူးမြို့သူမြို့သားများ လည်း အလားတူ စိုးရိမ်ကြောက် လန့်ကာ ညနေပိုင်းတံခါးပိတ် အိမ်တွင်းပုန်းကုန်ကြကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောပြသည်။
“တမြို့လုံး တရွာလုံးလမ်းမှာရော ဘုန်းကြီးကျောင်းမှာရော ဗမာစစ်သားတွေချည်းဘဲ။ ရွာသားတွေလဲ စစ်သားဆိုရင် နဂိုက ရွံနေပြီးသား ဆိုတော့ သူတို့နဲ့တွေ့ရဖို့ရွံ့တယ်။ တချို့ဆိုနေ့ခင်းတောင် တံခါးပိတ်ပြီး အိမ်ထဲမှာ ဘဲနေကြ တယ်။ ညဆို ပိုဆိုးတာပေါ့။ လမ်းပေါ်ထွက်ဖို့မပြောနဲ့ မီးတောင်မထွန်းရဲဘူး။ တချို့အိမ်တွေဆို ပုန်းကျင်းတွေ အဆင်သင့် ဘဲ” ဟု ဈေးသည် အမျိုးသားတယောက်ကလည်းဆက်ပြောသည်။
ယခင်က နေဝင်မှပိတ်သော မိုင်းရှူးဈေးသည်လည်း ယခု ၃-၄ ရက်အတွင်း မွန်းလွဲ ၂ နာရီ ၃ နာရီ၌ရောက်သည်နှင့် ဈေးသိမ်း ကြသည် ဟုဆို၏။
ထို့ပြင် နှစ်စဉ်နှစ်တိုင်း သိုက်မြိုက်စွာကျင်းပမြဲ တပေါင်းလ ဟင်္သာမုနိဘုရားပွဲလည်း ခြောက်ကပ်နေသည်ဟု ၎င်းကဆက်ပြောသည်။
“ မုန့်ရောင်းတဲ့လူတောင်သိပ်မရှိဘူး။ အာဏာပိုင်တွေက ၁၈ ရက်နဲ့ ၁၉ ရက်နေ့တုန်းက ပွဲမှာ ဓါတ်ပုံတဖျတ်ဖျတ်လာ ရိုက်နေသေးတယ်။ သူတို့သတင်းစာမှာထည့်ဖို့ ကမ္ဘာကိုလိမ်ညာဖို့နေမှာပေါ့” ဟုဆိုသည်။
ထို့ပြင် နအဖသတင်းစာပါ ဝမ့်ဟိုင်းသျှမ်းတပ်က တံတားများဖျက်ဆီးသည်ဟူသောသတင်းနှင့်ပါတ်သက်၍လည်း မိုင်းရှူး ဒေသခံအများစုကတော့ နအဖ၏လက်ချက်သာဖြစ်နိုင်ကြောင်းပြောဆိုနေကြသည်။
“မိုင်းရှူး-မိုင်းအောတ်ကြားက သစ်သားတံတား ညဖက်မှာ ဗုံးခွဲဖျက်ဆီးခံရတာလေ။ နောက်တံတားတခုက မိုင်းရှူး-မိုင်း နောင်ကြားက နမ့်ပန်ချောင်းထဲစီးဝင်တဲ့ နမ့်မိုင်ချောင်းကူးတံတား။ မိုင်းရှူး အနောက်တောင်ဘက် ၆ မိုင်အကွာမှာရှိတာ။ သျှမ်းတပ်တွေက အဲလိုမဖျက်ဆီးဘူး။ သူတို့နယ်မြေထဲမှာတောင်လမ်း - တံတားတွေ တတ်နိုင်သလောက် သူတို့ဆောက် သေးတာဘဲ။ ဒီတံတားဖျက်တဲ့ကိစ္စ နအဖက သျှမ်းတပ်ကို အိုးမဲသုတ်လိုက် တာဘဲ ” ဟု ကား ဆရာတဦးကလည်း ပြောသည်။