ဝ တပ်က မိမိကိုယ်ကို သာ ကာကွယ်မည်

ဝ တပ်က မိမိကိုယ်ကို သာ ကာကွယ်မည်
by -
မွေခေါဝ်

၄/၁၁/၂၀၁၀ ၌ မဟာမိတ် ၆ ဖွဲ့ဖြင့်ဖွဲ့စည်းပြီး ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ထူထောင်လိုက် သည့် ၁၆/၂/၂၀၁၁ ရက်၌ ဖျက်သိမ်းခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ ...

၄/၁၁/၂၀၁၀ ၌ မဟာမိတ် ၆ ဖွဲ့ဖြင့်ဖွဲ့စည်းပြီး ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ထူထောင်လိုက် သည့် ၁၆/၂/၂၀၁၁ ရက်၌ ဖျက်သိမ်းခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ (CEFU)  တွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် SSPP/SSA မဟာမိတ်နှင့် နအဖ စစ်တပ်အကြားတိုက်ပွဲဖြစ်နေမှုကို SSA ၏မဟာမိတ်ဖြစ်သော UWSA  က စစ်ရေးအရ ကူညီရန်ခက်ခဲကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်း ဖြင့်သာ ဖြေရှင်း လို ကြောင်း UWSA  ဝ ပြည်သွေးစည်းညီညွတ်ရေးအရာရှိ တဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်“စစ်အစိုးရကို အရင်လဲ မတိုက်ဘူး။ စစ်အစိုးရက ကျူးကျော် ထိုးစစ်ဆင် တိုက်ခိုက်လာရင် ပြန်ပြီး ခုခံကာကွယ် သွားဖို့ အသင့်ပြင်ထားတယ်။ ကိုယ့်ခြံစည်းရိုး ပြင်ပမှာ တိုက်ပွဲ ဖြစ်နေတော့ ကိုယ့်နယ်ထဲ စစ်မီး မကူးလာဖို့ အတွက် ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားတယ်” ဟု ဝ အရာရှိ တစ်ဦးက ပြောပါသည်။

မတ်လ ၁၃  ရက် မှစ၍ သျှမ်းပြည် တိုးတက်ရေးပါတီ / သျှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် နအဖစစ်တပ် အကြားတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေချိန်၊ ပန်ဆန်းဌာနချုပ်၌ ၅ ရက်ကြာ ကျင်းပခဲ့သော ၂၀၁၀ “ဝ” ပြည် လုပ်ငန်း နှစ်ချုပ် အစည်း အဝေးအပြီး ဤကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲများတွင် နအဖစစ်တပ်နှင့် အင်အား မမျှသဖြင့်  SSPP/SSA ဘက်မှ မိုင်းရှုးမြို့နယ်နှင့် တန့်ယန်းမြို့ နယ်အတွင်း တိုက်ပွဲများ၌ တပ်စခန်းအချို့ ဆုတ်ခွာ လက်လွှတ်ခဲ့ရသည်။

မဟာမိတ် ဟု ဆိုသော်လည်း လက်တွေ့၌ ကြိုတင်ပြင်ဆင်မှု မရှိသည့်အတွက် အလုပ် မဖြစ်ကြောင်း  သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပါသည်။

“SSPP က UWSA, NDAA-ESS တို့ရဲ့ အနီးဆုံး မဟာမိတ်တွေ ဖြစ်ပေမဲ့ လက်တွေ့မှာ ကြိုတင်ပြင်ဆင်မှု မရှိတော့ အကူအညီ မပေးနိုင်ကြဘူး။”

SSPP/ SSA တိုက်ခိုက်ခံရသည့်နောက် ဝ နှင့် မိုင်းလား ဒေသများသို့ စစ်မီး ကူးစက် လာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ရှိနေသည်။   

ဝ တပ်ဖွဲ့(UWSA)၌ စစ်အင်အား ၃၅၀၀၀ ရှိ၏။ ၂၀၁၀ သြဂုတ်  ၂၀ ရက်တွင် တန့်ယန်း၌ စရဖချုပ် ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ဝ ထိပ်ပိုင်း ခေါင်းဆောင်များတွေ့ဆုံပြီးနောက်ပိုင်း ဝ နှင့် နအဖ အာဏာပိုင်တို့အကြား ယနေ့တိုင် ဆက်ဆံရေး ပြတ်တောက်လျက် ရှိသည်။ ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီအနေဖြင့်  လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ၅ နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။