မြန်မာအစိုးရသစ် မပေါ်ပေါက်မီ စပ်ကူးမတ်ကူး ကာလ၌ မြန်မာနိုင်ငံအတွင်းမှ သစ်များ တရုတ် နယ်စပ်ဘက်သို့ တရားမဝင် တင်ပို့မှု ယခင်ထက် ပိုများလာကြောင်း တရုတ် နယ်စပ်အရေး ကျွမ်းကျင် သူတစ်ဦး အဆိုအရသိရ ...
မြန်မာအစိုးရသစ် မပေါ်ပေါက်မီ စပ်ကူးမတ်ကူး ကာလ၌ မြန်မာနိုင်ငံအတွင်းမှ သစ်များ တရုတ် နယ်စပ်ဘက်သို့ တရားမဝင် တင်ပို့မှု ယခင်ထက် ပိုများလာကြောင်း တရုတ် နယ်စပ်အရေး ကျွမ်းကျင် သူတစ်ဦး အဆိုအရသိရသည်။
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် ကပ်လျက်ရှိသည့် နယ်စပ် လမ်းကြောင်းများမှ တဆင့် တရုတ်ဘက်သို့ နေ့စဉ် သစ်ကားအစီးရေ ရာနှင့်ချီ တင်ပို့နေရာ ယခင်ထက် အဆပေါင်းများစွာ ပိုများသည်ဟု ဆိုသည်။
ထိုသို့ များရခြင်းမှာ လက်ရှိ သျှမ်းပြည် (မြောက်ပိုင်း) ရှိ အမြင့်ဆုံးအာဏာပိုင်သော စစ်တိုင်းမှူးသည် နောင်အစိုးရသစ် လက်ထက် ၄င်း၏ အာဏာကျဆင်းလာမည်ကို စိုးရိမ်သည့် အတွက် တံစိုးလက်ဆောင်ယူ၍ ယခင်ထက်သစ်ပါမစ်များ ပိုချပေးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
တိုင်းမှူးထံမှ သစ်ပါမစ်ရသူများက သစ်များကို တရုတ်နယ်စပ်ဘက် တရားမဝင်သွင်းခြင်းသည်။
“အနာဂတ် တိုင်းပြည်ဘာဖြစ်လာမယ် ဆိုတာ မရေရာဘူး။ သာမန်လူတွေတင် မကဘူး။ လက်ရှိအာဏာပိုင် စစ်တိုင်းမှူး တွေကပါ ဒီလိုစဉ်းစားနေတာ။ အခုသစ်တွေ တရုတ်ဘက် ပို့တာ သိသိသာသာများလာတယ် ။ တိုင်းမှူးတွေ ကိုယ်တိုင် အ ပြောင်းအလဲဖြစ်မှာ ဆိုတော့ ဒီစပ်ကြားကာလမှာ အကုန်ထုတ်နေတာ”
“နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆိုပြီး လုပ်ပိုင်ခွင့်ရှိတဲ့လူတွေက လားရှိုးတိုင်းမှူးဆီ သစ်ပါမစ်တောင်းတယ်။ ဥပမာ အနေနဲ့ မူစယ်မှာ ကျောင်း ဆောက်ဖို့ ၊ ဆေးရုံဆောက်ဖို့ ဓမ္မာရုံဆောက်ဖို့ ဆိုပြီးတင်တယ် ။ ပါမစ်ရဖို့ တိုင်းမှူးကို တန်ဖိုး ကြီးကြီး လက်ဆောင်တွေပေးရတာပေါ့” ဟု နယ်စပ် ကျွမ်းကျင် သူများက ဆိုသည်။