ယခုလဆန်းက လားရှိုးစစ်တိုင်းရုံးမှ ဆင့်ခေါ်သော ပြည်သူ့စစ် သင်တန်းအတွက် အသုံးစရိတ်ငွေကို လားရှိုးမြို့နယ် ကျေးရွာ အုပ်စုများထံမှ ဆင့်ဆို ကောက်ခံခဲ့ကြောင်း သိရ ...
ယခုလဆန်းက လားရှိုးစစ်တိုင်းရုံးမှ ဆင့်ခေါ်သော ပြည်သူ့စစ် သင်တန်းအတွက် အသုံးစရိတ်ငွေကို လားရှိုးမြို့နယ် ကျေးရွာ အုပ်စုများထံမှ ဆင့်ဆို ကောက်ခံခဲ့ကြောင်း သိရသည်။
“ သင်တန်းအသုံးစာရိတ် လူထုဆီကဘဲပြန်ကောက်တာ။ လူလဲပို့ရ ပိုက်ဆံလဲပေးရ။ တအုပ်စု ၄-၅သိန်းလောက် ကျတာ။ ကျေးရွာအုပ်စုကြီးရင်ကြီးသလိုပေးရတယ်။ ဒီတသုတ်သင်တန်းပေးတာ ၄ အုပ်စုဘဲ။ ပြောတော့ကိုယ့်မြို့ ကိုယ်ရွာကာ ကွယ်ဖို့တဲ့” ဟု လားရှိုးမြို့ရောက် ရပ်ရွာအကြီးအကဲတဦး ကပြောသည်။
ဖေဖော်ဝါရီ ရ ရက်နေ့ထက်နောက်မကျစေဘဲ လားရှိုးစစ်တိုင်းရုံးအရောက်ပို့ဆောင်ရန် ဆင့်ခေါ်ပြီးနောက် လားရှိုးအရှေ့ မြောက်ဘက်ရှိ မိုင်းတင်အုပ်စု ဝမ့်ကောင်းခံရွာ ဘုန်းကြီးကျောင်းတွင် ၂ ပါတ် သင်တန်းပေးရာ ယခုလ ၁၈ ရက် နေ့တွင် သင်တန်းပြီးဆုံးသွားခြင်းဖြစ်သည်။
“ သင်တန်းသားက ၁၀၀ လောက်ရှိတယ်။ အမာခံက ၆၀ လောက် အရံက ၄၀ လောက်ပေါ့။ သူတို့ကိုသင်တန်း ပေးတာ ခလရ ၆၈ က အရာခံဗိုလ် တင်လှိုင်၊ အရာခံဗိုလ် တင်ဦးနဲ့ တပ်ကြပ်ကြီး သောင်းညွန့်။ သင်တန်းပြီးလို့ အိမ်ပြန် ပို့ကုန်ပြီ။ ခေါ်ရင်အချိန်မရွေးအသင့်ဖြစ်ရမယ်ဆိုဘဲ” ဟု သင်တန်းသားတဦးနှင့် အမျိုးတော်သူ လားရှိုး ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
အဆိုပါ အုပ်စု ၄ ခုမှလာသော ပြည်သူ့စစ်များမှာ ၎င်းတို့၏ ပြည်သူ့စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်သွားကြ ကြောင်း သိရသည်။
“မိုင်းတင်အုပ်စုက စိုင်းဆာထွန်း ဦးဆောင်တယ်။ မိုင်းယန်းအုပ်စုက စိုင်းဝင်းမောင်၊ မတ်ချိနူအုပ်စုက စိုင်းပီး၊ ကုန်းဆာ အုပ်စု ကစိုင်းထွန်းလူ။ ၄ အုပ်စုပေါ့ ” ဟု အဆိုပါ လားရှိုးဒေသခံကဆက်ပြောသည်။
ထိုသို့ စစ်သင်တန်းပေးခြင်းမှာ မြောက်ပိုင်းနှင့် တောင်ပိုင်းသျှမ်းတပ်ဖွဲ့ များနယ်မြေချဲ့ထွင်စည်းရုံးလာမှုကို ဟန့်တား ထားရန်နှင့်အချင်းချင်း အဆက်သွယမပြုနိုင်ရန် ကြိုတင်ဖြတ်တောက်ရန် ဖြစ်ကြောင်း လားရှိုးမြို့ ရပ်မိရပ်ဖများက သုံးသပ်ပြောဆိုသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် အင်အားကြီးမားသည့် ဝမ့်ပန်ဌာနေပြည်သူ့စစ်၊ မိုင်းဟ အခြေစိုက် လောဝ်းမားဦးဆောင် သောအဖွဲ့၊ နမ့်ပေါင် ဦးကုန်ခေးအဖွဲ့ အပြင် ကွတ်ခိုင် ကောင်းခါးမြို့သစ်အခြေစိုက် KDA တပ်ဖွဲ့အပြင် အခြား သော အဖွဲ့လတ် အဖွဲ့ငယ်အားလုံးပေါင်း ရာချီရှိသည်ဟုပြည်တွင်းနေသျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့် လေ့လာသည့် ပုဂ္ဂိုလ်များက ပြောပါသည်။