မူစယ် ၁ဝ၅ မိုင်တွင် ယာဉ် ရ စီး တစ်ပြိုင်တည်း တိုက် လူ ၃ ဦးသေဆုံး

မူစယ် ၁ဝ၅ မိုင်တွင် ယာဉ် ရ စီး တစ်ပြိုင်တည်း တိုက် လူ ၃ ဦးသေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံဂိတ်အနီးတွင် ဖေဖေါ်ဝါရီ ၁၉ ရက် ညနေ ၆ နာရီခန့်က ကုန်တင်ကားကြီး တစ်စီးက ယာဉ်ငယ် ရ စီးကို ဝင်တိုက်ခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိ ...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံဂိတ်အနီးတွင် ဖေဖေါ်ဝါရီ ၁၉ ရက် ညနေ ၆ နာရီခန့်က ကုန်တင်ကားကြီး တစ်စီးက ယာဉ်ငယ် ရ စီးကို ဝင်တိုက်ခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ကြောင်း သိရသည်။

မူစယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံဂိတ် (ဓါတ်ပုံ- Shan Soba)မန္တလေးမှ မူစယ်သို့ မောင်းနှင်လာသည့် ဘီးဆယ်ဘီး ကုန်တင်ကားသည် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံ အရောက် မောင်းတံဂိတ် အလွန်တွင် Sanny Saloon ကားတစ်စီး ၊ ထော်လာဂျီ ၂ စီးနှင့် ဆိုင်ကယ် ၄ စီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အိမ်တစ်အိမ်၏ အုပ်နံရံကို ဝင်တိုက်ပြီးမှ ကားအရှိန်ရပ်သွားကြောင်း မျက်မြင်ဒေသတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“နွားကလီစာအခြောက်တွေ တင်လာတဲ့ကုန်ကား ၁ဝ၅ မိုင်မှာ ကားချိန်းရမဲ့ဥစ္စာ မချိန်းပဲ အတင်းကျော်လာလို့ တိုက်မိတာ ထော်လာဂျီ ၂ စီး ၊ ဆန်နီတစ်စီး၊ ဆိုင်ကယ် ၄ စီး တိုက်ပြီး ဘေးနားကအိမ်အုပ်နံရံ ဝင်တိုက်တော့မှ ကားအရှိန် ရပ်သွားတယ်။ ကားသမား မူးယစ်ဆေးဝါး သုံးစွဲတာလည်း ဖြစ်နိုင်တယ် ” ဟု သူက ဆိုသည်။

သေဆုံးသွားသူများမှာ ဆိုင်ကယ်စီးလာသူ ၂ ဦးနှင့် ကားဒရိုက်ဘာ တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

၎င်းတို့မှာ လားရိူးမြို့ဒီဂရီကောလိပ် မှ ဥပဒေ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး ဆိုင်ကယ်ကယ်ရီသမား တစ်ဦး၊ ၁ဝ၅ မိုင်အေးဂျင့် အလုပ်သမား အမျိုးသမီးတို့ ဖြစ်သည်။

ကုန်ကား နေအိမ်အုပ်နံရံဝင်တိုက်စဉ် အဆိုပါ ယာဉ်မောင်း ညှပ်မိပြီး ပေါင်ကျိုးသွားကြောင်း အိမ်ရှင်မှာကျောက်ခဲ စများထိမှန်ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။

မူစယ်မြို့တွင် လူအသေအပျောက်ရှိသော ယာဉ်တိုက်မှုများ အမြဲလိုဖြစ်ပွားနေရာ ယခုလ ၁၄ ရက်နေ့က ပန်ခမ်းရွာရှိ နေအိမ်တစ်လုံးအား ကားတစ်စီးက ၀င်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ကြောင်း နာရေးကူညီနေသူ တစ်ဦးကပြောသည်။

ထို့အပြင် လွန်ခဲ့သည့်လပိုင်းက မူစယ်မှ ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံ အသွားလမ်းတွင် ကလေးငယ်တစ်ဦးအား ယာဉ်တိုက်သေဆုံးသွားပြီး ယာဉ်မောင်း ထွက်ပြေးသွားကြောင်း သိရသည်။

Most read this week