ရွာသားများအား အမည်မသိ လက်နက်ကိုင် လူတစ်စု ပြန်ပေးဆွဲ - ကျပ်သိန်းချီဖြင့် ပြန်ရွေးခိုင်း

ရွာသားများအား အမည်မသိ လက်နက်ကိုင် လူတစ်စု ပြန်ပေးဆွဲ - ကျပ်သိန်းချီဖြင့် ပြန်ရွေးခိုင်း
by -
မွေခေါဝ်

သံလွင်အရှေ့ခြမ်း မိုင်းယောင်းမြို့နယ်အတွင်း ကျေးလက်ရွာသားများအား အမည်မသိပြောက်ကျား စစ်ဝတ်လက်နက်ကိုင် လူတစ်စု မကြာခဏ ပြန်ပေးဆွဲ ကျပ်ငွေသိန်းချီ ရွေးခိုင်းကြောင်း စုံစမ်း သိရှိရ ...

သံလွင်အရှေ့ခြမ်း မိုင်းယောင်းမြို့နယ်အတွင်း ကျေးလက်ရွာသားများအား အမည်မသိပြောက်ကျား စစ်ဝတ်လက်နက်ကိုင် လူတစ်စု မကြာခဏ ပြန်ပေးဆွဲ ကျပ်ငွေသိန်းချီ ရွေးခိုင်းကြောင်း စုံစမ်း သိရှိရပါသည်။

မိုင်းယောင်းမြို့ တည်နေရာ“တောလည်သွားတဲ့ ရွာသားတွေ ဖမ်းထားပြီး မိဘဆွေမျိုးကို ပြန်ရွေးခိုင်းတယ်။ ပြန်ပေးဆွဲတဲ့ သဘောပေါ့။ ရ ယောက် ၈ ယောက်လောက် ခံရပြီးပြီဆိုဘဲ” ဟု ကျိုင်းတုံရောက် မိုင်းယောင်းဒေသခံ တစ်ဦးက ပြောပါသည်။

မိုင်းယောင်းမြို့အနီးတဝိုက် တောလည်ထွက် ကျေးလက်သားများအား မျက်နှာဖုံး အုပ်ထားသော မီးခိုးရောင် ပြောက်ကျား စစ်ဝတ် လက်နက်ကိုင် လူတစ်စုက လွန်ခဲ့သော ၂ ပတ်ခန့်မှ စ၍ ပြန်ပေးဆွဲနေခြင်း ဖြစ်သည်။

“အစတုန်းကတော့ လေးငါးသောင်းဘဲ တောင်းတယ်။ တဖြည်းဖြည်းနဲ့ နောက်တော့ ၅ သိန်း ၁၀ သိန်းအထိ တောင်း လာတယ်။ ရွာသူကြီးကို ဖမ်းခေါ်သွားပြီး ပိုက်ဆံတောင်းတာမျိုးလဲ ရှိတယ်။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ဆိုတာလဲ မသိဘူး” ဟု ၎င်းက ဆက်လက် ပြောပါသည်။

ထိုကိစ္စကြောင့် ချမ်းသာချောင်လည်သည့် ဒေသခံအချို့ တာချီလိတ်ဖက်  ပြောင်းရွှေ့နေထိုင်ကြသည်မှာ မိသားစု ၂၀-၃၀ ခန့်ရှိပြီ ဖြစ်သည်ဟု ဆို၏။

“ကျုပ်တို့ သျှမ်းတပ်ဖွဲ့က မဟုတ်ပါဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေလဲ မီးခိုးရောင်ပြောက်ကျားစစ်ဝတ်စုံမဝတ်ဘူး။ ထိုင်း က အစိမ်းရောင်ပြောက်ကျားစစ်ဝတ်စုံဘဲဝတ်တယ်” ဟု SSA တောင်ပိုင်း အမှတ် (၁) စစ်ဒေသ (ကျိုင်းတုံစစ်ဒေသ) တပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

လွန်ခဲ့သည့် ၂၀၁၀ ဒီဇင်ဘာ ၂၆ ရက်က တပ်ရင်းနံပါတ်တံဆိပ်မပါဘဲ နအဖစစ်သား ၄-၅ ယောက် မီးခိုးရောင် ပြောက်ကျားစစ်ဝတ်စုံဝတ်၍ မိုင်းယောင်းအရှေ့မြောက်ဘက် ၅ မိုင်အကွာ မိုင်းယုသွားလမ်း ဝမ့်တပ်ကျေးရွာအုပ်စု ဝမ့်လျဲန့်နှင့်ဝမ့်အန်ကြား၌ စပါးခွန်၊ ဘီးခွန်ကောက်နေသည်ဟု တာချီလိတ်ရောက် မိုင်းယောင်းကုန်သည်တစ်ဦးကလည်း ပြောပါသည်။

“မိုင်းယောင်းကနေ မိုင်းယုကိုသွားတဲ့ စပါးတင်ကားတွေကို ဘီးခွန်၊ စပါးခွန်ကောက်တယ်။ သူတို့လဲမီးခိုးရောင် ပြောက်ကျား စစ်ဝတ်စုံဝတ်ထားတာ”

မိုင်းယောင်းဒေသ စပါးအထွက်ကောင်းသဖြင့် မိုင်းယုသို့ လယ်သမားများက စပါးသွားရောင်းကြကြောင်း၊ မိုင်းယုမှ တဆင့် နမ့်လွေချောင်းကိုကျော်ပြီး မိုင်းလားနယ်သို့ ပို့ဆောင်ကြောင်း၊ မိုင်းလားတပ်ဖွဲ့နယ်မြေသို့ ဆန်စပါးမဝင်စေ ရန် ဖြတ်တောက်ခြင်းလည်းဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ်လုပ်ရန် ငြင်းဆန်သည့် မိုင်းလားတပ်ဖွဲ့နှင့် နအဖတို့ စစ်ရေးအရ တင်းမာလာသော ၂၀၀၉ နှစ်ဦးပိုင်းမှစ၍ ကျေးလက်လူထုက နအဖ၏လူအခွင့်အရေးချိုးဖေါက်မှုဒဏ် ပိုမို ခံလာရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။

“မိုင်းယောင်းလယ်သမားတွေ စျေးနှိမ်ခံရတဲ့ တာဝန်ကြေစပါးသွင်းတာ မပြည့်သေးလို့ သွင်းနေကြရတုန်း။ အာဏာပို်င် တွေနဲ့ ရွာသူကြီးတွေ ပူးပေါင်းပြီး ရိုက်စားတာလဲရှိတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။

မိုင်းယောင်းအခြေစိုက်နအဖစစ်တပ်များက ကျေးလက်လူထုအား ရွာပြင်ရှိလယ်ယာသို့ ညအိပ်ခွင့်မပြုဘဲ နေ့ချင်းပြန် ခိုင်းကြောင်း၊ တောင်ယာသို့ ဆန်၊ ထမင်း လုံးဝယူသွားခွင့်မပြုကြောင်း၊ သတ်မှတ်ထားသည့်အချိန် ရွာသို့ပြန်မရောက် လာလျှင် ဒဏ်ငွေပေးဆောင်ရကြောင်းလည်း သိရှိရပါသည်။

ခမရ ၃၃၄၊ ၃၃၅၊ ၃၁၁ နှင့် ၅၇၃ တို့သည် မိုင်းယောင်း အခြေစိုက်တပ်များ ဖြစ်ကြပြီး စကခ ၁၈ (မိုင်းဖြတ်) လက်အောက်ခံများ ဖြစ်ကြသည်။

Most read this week