ဂျန္နဝါရီ ၁၄ ရက် ၂၀၁၁ သျှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်းတစ်နေရာ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ခရီးသွား ယာဉ်များထံမှ ငွေကြေးတောင်းယူ ...
ဂျန္နဝါရီ ၁၄ ရက် ၂၀၁၁ သျှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်းတစ်နေရာ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ခရီးသွား ယာဉ်များထံမှ ငွေကြေးတောင်းယူသည့် ဖြစ်ရပ် ဂျန္နဝါရီ ၁၂ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ် ပေါ်ပေါက်အပြီး နောက်တစ်ရက်အကြာတွင် နအဖတပ်များက အဆိုပါ လက်နက်ကိုင်များကို အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း စစ်ဘက် သတင်းရပ်ကွက် တစ်ခုက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ပန်ဆိုင်းနဲ့ နောင်တောင်းရွာကြားက ၁၀၅ မိုင်ကို ကွင်းတဲ့လမ်းပေါ့၊ ဟိုခေးရွာဘက် ထွက်တဲ့လမ်းခွဲမှာ ပြောက်ကျားစစ်ယူနီ ဖေါင်းဝတ် ၅ ယောက် ၆ ယောက်လောက်ပေါ့ သေနတ် အတိုအရှည် အကုန်ပါတယ်၊ ဘယ်အဖွဲ့လည်းတော့ မသိဘူး၊ တနေ့ က ဆိုင်ကယ်တွေ ကားတွေကို တစ်စီး တစ်သောင်းစီ တောင်းသွားတယ်” ဟု သူက ဆိုသည်။
လက်နက်ကိုင်အဖွဲ့မှ ၄င်းနေ့တစ်နေကုန် ငွေကောက်နေသည်ကို နအဖလုံခြံုရေးအဖွဲ့များ မသိရှိလိုက်ပဲ နောက်တစ်နေ့ အကြာ သတင်းရရှိမှ အဆိုပါအဖွဲ့အား လိုက်လံရှာဖွေနေကြောင်း သူက ဆက်ပြောသည်။
“လုံခြံုရေးတွေ ပုံမှန်ရှိနေတဲ့ကြားက လုပ်သွားတာပေါ့ သောင်းကျန်းသူတွေပဲ ဖြစ်မလား ဒါမှမဟုတ် အယောင်ဆောင်တွေ ပဲဖြစ်မလား မပြောတတ်ဘူး အဲဒါဖြစ်ပြီး နောက်တစ်ရက် သတင်းပို့မှ အခု လိုက်ရှာနေတာ” ဟုဆိုသည်။
မူစယ် ၁၀၅ မိုင်ရှောင်ကွင်းလမ်းအတိုင်း ဆိုင်ကယ်တစ်ရက် အစီး ၂၀၀ ၀န်းကျင်ခန့် အသွားအလာရှိပြီး ထော်လာဂျီနှင့် ကားများလည်း ပုံမှန်အသွားအလာရှိကြောင်း သိရသည်။
ယခု ဖြစ်ရပ်ကြောင့် ဒေသတွင်းလုံခြံုရေး ထူထပ်စွာချထားကြောင်း သတင်းရရှိသည်။