သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ၌ နအဖ စစ်တပ် တိုးချဲ့ခြင်းသည် ထိုင်းနယ်စပ် အခြေစိုက် တောင်ပိုင်း ၀ တပ်ကို တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က သုံးသပ် ...
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ၌ နအဖ စစ်တပ် တိုးချဲ့ခြင်းသည် ထိုင်းနယ်စပ် အခြေစိုက် တောင်ပိုင်း ၀ တပ်ကို တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ်က သုံးသပ်ပါသည်။
“ခိုလမ်မှာ တိုင်းစစ်တခု တိုးချဲ့မယ် ဆိုတာကတော့ မသိဘူး။ တပ်မတခုတော့ တိုးချဲ့ဖွဲ့စည်းမယ် ဆိုတာတော့ သေချာတယ်။ တောင်ပိုင်း ၀ တပ်ကို ခြေမှုန်းတိုက်ခိုက်ဖို့ နအဖရဲ့ စစ်ရေးစီမံချက်မှာ တစ်စိတ်တစ်ပိုင်း ပါ၀င်တယ်။ ဒု-ဗိုလ်ချုပ် မှူးကြီးမောင်အေးက UWSA ရဲ့ စစ်ဒေသ ၁၇၁ ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားတာဖြစ်မယ်” - ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ/သျှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)ခေါင်းဆောင် စဝ်ယွတ်စစ်က သုံး သပ်ပါသည်။
သျှမ်းပြည်တောင်ပိုင်း၌ နအဖ စစ်တပ် အင်အား တိုးချဲ့လိုက်ခြင်းသည် UWSA ၀ တပ်ဖွဲ့၏ သံလွင် အနောက်ဘက်ကမ်း ကူးလူး ဆက်သွယ်မှု ဖြတ်တောက်ပစ်သကဲ့သို့ SSA တပ်မဟာ ၁ နှင့် လက်နက်ကိုင် တိုက်ခိုက်ဆဲ SSA တောင်ပိုင်း တို့အကြား ပိတ်ဆို့လိုက်ခြင်းလည်း ဖြစ်သည်ဟု အများက သုံးသပ်နေချိန်တွင် စဝ်ယွတ်စစ်က ထိုကဲ့သို့ သုံးသပ်ခြင်း ဖြစ်သည်။
“ထိုးစစ်ဆင်တိုက်ခိုက်မှု အချိန်မရွေး ဖြစ်နိုင်တယ်။ လွှတ်တော်အစည်းအဝေး မခေါ်ခင်လဲ ဖြစ်နိုင်တယ်။ တောင်ပိုင်း ၀ တပ် စစ်ဒေသ ၁၇၁ ဟာ ဌါနချုပ်ပန်ဆန်းနဲ့ မိုင် ၂၀၀ လောက်ဝေးပြီး ကြားမှာလဲ နအဖတပ်တွေ ရှိနေတယ်ဆိုတော့ လာကူဖို့သိပ်မလွယ်ဘူး”
မြောက်ပိုင်း ၀ နယ်နှင့် တောင်ပိုင်း ၀ နယ်အကြား မိုင်းဖြတ်မြို့၌ စစ်ဆင်မှုကွပ်ကဲရေးဌါနချုပ် စကခ ၁၈၊ မိုင်းဆတ်၌ စကခ ၁၄၊ မိုင်းပန်၌ စကခ ၁၇ နှင့် ကျိုင်းတုံ၌ တြိဂံတိုင်းစစ်ဌါနချုပ်တို့ တည်ရှိသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်သို့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး သွားရောက်လည်ပတ်ပြီး နောက် ကာလိ၊ မိုင်းဇန်နှင့် ခိုလမ်ကျေးရွာအုပ်စုတို့ကို မြို့နယ်ခွဲအဆင့် တိုးချဲ့ဖွဲ့စည်းကာ စစ်တပ်များလည်း တိုးချဲ့ရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟုဆိုသည်။ နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲသစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌါနချုပ် တိုးချဲ့အခြေစိုက်မည်ဟု ဒီဇင်ဘာလနှောင်းပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
သျှမ်းပြည်၌ အရှေ့ပိုင်းတိုင်းစစ်ဌါနချုပ်(ရပခ)ကို (ကရင်နီပြည်ပူးတွဲထိန်းချုပ်)တောင်ကြီး၌လည်းကောင်း၊ အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်(ရမခ)ကို လားရှိုး၌လည်းကောင်း၊ တြိဂံတိုင်းစစ်ဌါနချုပ်(တစခ)ကို ကျိုင်းတုံ၌လည်း ကောင်း အခြေစိုက်ထားရှိသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်၊ ကိုးကန့်နှင့် ၀ တို့အား အခြားတိုင်းရင်းသားများထက် ပစ်မှတ်ထားကြောင်း၊ ယမန်နှစ် ကိုးကန့်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်ကလည်း ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏လက်ချက်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
“အရှေ့အလယ်ပိုင်းတိုင်းစစ်ဌါနချုပ်ဖွဲ့စည်းအခြေစိုက်ဖို့ဆိုတာ စီမံကိန်းချတုံးဘဲ။ ချက်ချင်းလုပ်ငန်းလည်ပတ်ဖို့ဆို တာ မဖြစ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ လပတ်အစည်းအဝေးမှာ သျှမ်းပြည်မြောက်ပိုင်းမှာလဲ စစ်တပ်တွေ တိုးချဲ့ဖွဲ့စည်းပြီး စစ်အင်အားထပ်ဖြည့်အုံးမယ်လို့ဆုံးဖြတ်တယ်” ဟု လားရှိုး စရဖ အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။
တောင်ပိုင်း ၀ နယ် စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ရ၇၂ မိုင်းကျွက်၊ ရ၇၅ ဟွေအော့၊ ရ၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီးအခြေစိုက်ကြသည်။