နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော ဝ နှင့် မိုင်းလားနယ် အနီးတဝိုက် နအဖအရာရှိကြီးများ စစ်ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့် လိုက်လံခေါ်တွေ့ ...
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော ဝ နှင့် မိုင်းလားနယ် အနီးတဝိုက် နအဖအရာရှိကြီးများ စစ်ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့် လိုက်လံခေါ်တွေ့ကြောင်း စုံစမ်းသိရှိရပါသည်။
“ကြည်းရေလေ ညှိုနှိုင်း ကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့အတူ ကာကွယ်ရေး ၀န်ကြီးဌါန အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဆွေတို့အတူ လိုက်ပါလာကြတယ်” ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ပြောပါသည်။
ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ၂၄ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်း အနောက်တောင်ဘက်ရှိ မိုင်းလိုက်ကျေးရွာအုပ်စု၊ ၂၅ ရက် ကျိုင်းတုံ-မော်ဖှ-တန့်ယန်း၊ ၂၆ ရက် သိန္နီ-ကွန်လုံသို့ သွားရောက်လှည်ပတ်ခဲ့ပြီး လားရှိုးသို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။
“၂၆ ရက်မှာဘဲ လောက်ကိုင် ဒကစမှူး၊ သိန္နီ စကခ ၁၆ မှူးနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်စောတို့ကို ခေါ်ပြီး အစည်းအဝေး လုပ်တယ်။ အကြောင်းရင်း မသိရပေမဲ့ အပစ်ရပ် အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ထင်တယ်” ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။
ရဲချုပ် ဗိုလ်ချုပ် ခင်ရီ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်နှင့် တွေ့ဆုံသည့် သတင်း ထွက်ပေါ်ချိန် ယခုကဲ့သို့ နအဖတပ် တပ်မှူးကြီးများ လှည့်ပတ်နေကြခြင်းမှာ အပစ်ရပ်များအပေါ် မည်ကဲ့သို့ ဆက်လက်ကိုင်တွယ်ရမည်ကို ဗိုလ်ခင်ညွှန့်ထံမှ ရသော အကြံဉာဏ်နှင့် ဆက်စပ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ထင်မြင်ချက်ပေးသည်။
“တန့်ယန်းရောက်တုန်း ဗျူဟာမှူး၊ တပ်ရင်းမှူးတွေ ၁၀ ယောက်လောက်နဲ့ အစည်းအဝေး လုပ်တယ်။ ကွန်လံ-လောင်ကိုင်း ဖက်သွားတုန်းက ၀ တပ်ဖွဲ့အခြေအနေကို မေးမြန်းခဲ့တယ် ထင်တယ်။ ဝ တပ်ဖွဲ့ကိုဘဲ နောက်ထပ်ခေါ်တွေ့ဖို့ ရှိမယ်လို့ ကြားတယ်” ဟု တန့်ယန်းဒေသခံတစ်ဦးက ပြောပါသည်။
“နအဖက အပစ်ရပ်တွေအပေါ် နံပါတ် ၁ က အနုနည်းနဲ့ စည်းရုံးဆွဲဆောင်မယ်။ ၂-လူထုအတွင်း အပစ်ရပ် အမာခံတွေကို ရှင်းလင်းသိမ်းသွင်းမယ်။ သျှမ်းတပ်နဲ့ ဆက်စပ်နှီးနွယ်သူတွေကို ခြိမ်းခြောက်နှိပ်ကွပ်တာမျိုးတို့ လုပ်မယ်။ ၃ အပစ်ရပ်အပေါ် အနိုင်ပိုင်းလွယ်မဲ့နည်း အပိုင်စား၊ အမှည့်ချွေတဲ့ နည်းတွေနဲ့ အပစ်ရပ် တပ်ဖွဲ့တပ်သားတွေ အငိုက်မိတုံး လက်မလွတ်တမ်း လျှပ်တပြက် ၀င်ပစ်မယ်။ ၄-နယ်မြေကျွမ်းကျင်ရေး၊ စိမ့်ဝင်စည်းရုံးရေး၊ အမာခံ မွေးထုတ်ရေးတွေ လုပ်ထားပြီး စစ်ဆင်ရေး ကြီးဆင်နွဲဖို့ ပြင်ဆင်ထားမယ်။ ဒီနည်း ၄ နည်းကို ကျင့်သုံးနေတာ” ဟု သျှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အရာရှိတစ်ဦးက ပြောပါသည်။
တဖက်၌လည်း နိုဝင်ဘာ ၂၇ ရက် လားရှိုးမှ စားနပ်ရိက္ခာနှင့် ခဲယမ်းမီကျောက်များ တင် ၆ ဘီး စစ်ကားအစီး ၅၀ ကျော် လားရှိုး-ကွန်လုံဖက် တက်သွားကြောင်း သိရှိရပါသည်။