ရွေးကောက်ပွဲအပြီး မြို့နယ်အချို့၏ သျှမ်းနှစ်သစ်ကူး အနေအထား ကွဲပြား

ရွေးကောက်ပွဲအပြီး မြို့နယ်အချို့၏ သျှမ်းနှစ်သစ်ကူး အနေအထား ကွဲပြား
by -
မွေခေါ၀်

ရွေးကောက်ပွဲ ပြီးသော်လည်း နှစ်စဉ် ကျင်းပလေ့ရှိသော သျှမ်းနှစ်သစ်ကူး ပွဲတော်အတွက် အာဏာပိုင်များထံမှ မြို့နယ် အချို့၌ ပွဲမိန့် မရသောကြောင့် ရိုးရာပွဲတော် ကျင်းပရန် အခက်အခဲ ဖြစ်နေ ...

ရွေးကောက်ပွဲ ပြီးသော်လည်း နှစ်စဉ် ကျင်းပလေ့ရှိသော သျှမ်းနှစ်သစ်ကူး ပွဲတော်အတွက် အာဏာပိုင်များထံမှ မြို့နယ် အချို့၌ ပွဲမိန့် မရသောကြောင့် ရိုးရာပွဲတော် ကျင်းပရန် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

နမ့်ခမ်း သျှမ်းနှစ်သစ်ကူး ပွဲတော်

နမ့်ခမ်း သျှမ်းနှစ်သစ်ကူး ပွဲတော်

“ရွေးကောက်ပွဲပြီးတော့ အပြောင်းအလဲများ ဖြစ်မလားပေါ့။ ဒါပေမယ့် ဘာမှ မထူးဘူး အရင်နှစ်တွေက လိုဘဲ။ ဒီနှစ်လဲ ပွဲမိန့် မရတော့ သျှမ်းနှစ်သစ်ကူး ပွဲတော် ကျင်းပဖို့ မလွယ်ဘူး။ နှစ်သစ် ဆွမ်းကပ်တာဘဲ လုပ်ရတော့မယ်။ ည ၁၀ နာရီ နောက်ပိုင်း ညအပြင်မထွက်ရ အမိန့်တောင် ထုတ်ထားသေးတယ်။ လူစုလူဝေးဆို ကြောက်လို့ နေမှာပေါ့ ” ဟု တန့်ယန်း လူငယ်တစ်ဦးက ပြောပါသည်။

နမ့်ခမ်းမြို့တွင်မူ မယကရုံးသို့ ပွဲမိန့် တင်ထားပြီးဖြစ်ကြောင်း၊ မယကရုံးက တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသော်လည်း နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလာခဲ့ကြောင်း နမ့်ခမ်းဒေသခံ တစ်ဦးကလည်း ပြောပါသည်။

“လားရှိုးမှာတော့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ၂၃ ရက်နေ့က (၁၂)ရပ်ကွက် ခိုလောင်းရွာ သျှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးမှာ အစည်းအဝေးလုပ်ပြီးပြီ။ ကြံ့ဖွံ့လွှတ်တော်အမတ် ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဆရာစိုင်းခမ်းလှိုင်လဲ တက်ရောက်တယ်။ အားလုံး ၃၀-၄၀ လောက်တက်ကြတယ်”ဟု လားရှိုးဒေသခံတစ်ဦးက ပြောပါသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်တွင် ရဟန်းသံဃာတော်များကိုဆွမ်းကပ်လှူဒါန်းခြင်း၊ အသက် ၈၀ ကျော်ဘိုးဘွားများအား ကန်တော့ခြင်း၊ ဆယ်တန်းအောင် ဂုဏ်ထူးရှင်ကျောင်းသားလူငယ်များအား ဆုချီးမြှင့်ခြင်း၊ ကျွေးမွေးဧည့်ခံခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပခြင်းစသည့် အစီအစဉ်များရှိသည်ဟု ၎င်းကဆက်လက်ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့၌လည်း သျှမ်းနှစ်သစ်ကူးနေ့လုပ်မည်ဖြစ်ကြောင်း၊ နားကောင်းမှူးနှင့် ပုံပါကျင်တွင်မူ ကျင်းပနိုင်ခြင်းမရှိသည့် အခြေအနေရှိကြောင်း မိုင်းတုံဒေသခံတစ်ဦးက ဤကဲ့သို့ပြောပါသည်။

“မိုင်းတုံမှာတော့ သျှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းကို ဦးဆောင်တဲ့သူတွေလဲ ကြံ့ဖွံ့ကဘဲဆိုတော့ လုပ်နိုင်ချေရှိတယ်။ အရင်နှစ်တွေမှာ နားကောင်းမှူးနဲ့ပုံပါကျင်ကတော့ ပေါင်းလုပ်နေကျ။ အခုညအပြင်မထွက်ရအမိန့်ကြောင့် မလုပ်ဖြစ် ဘူးထင်တယ်”

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၌လည်း သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည့်အကြောင်းကို ပင်လုံဒေသခံအိမ်ရှင်မတစ် ဦးက ဤကဲ့သို့ပြောပါသည်။

“ပင်လုံမှာ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမယ်။ နှစ်သစ်ကြိုတဲ့တန်ဆောင်မုန်းလကွယ်ညနဲ့ နတ်တော်လဆန်း တစ်ရက်နေ့/ည တစ်ရက်နဲ့နှစ်ညလုပ်မယ်လို့ စီစဉ်ထားတယ်။ အခု ညပိုင်းမှာ တုတ်ဆူး(ပွဲတော်ရန်ပုံငွေအလှူခံထွက်) သီချင်းဆိုထွက်နေကြပြီ ”

သျှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်တွင်းသာမက ပြည်ပရောက်သျှမ်းတိုင်းရင်းသားများလည်း အစဉ်အလာမပျက်ကျင်းပ ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၆ ရက်(နတ်တော်လဆန်း ၁ ရက်)နေ့ဆိုလျှင် ၂၁၀၅ ခုရောက်မည်ဖြစ်သည်။