သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟု ဆိုပြီး ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီးရိုက်နှက်

သျှမ်းသူပုန်နှင့် ဆက်သွယ်သည်ဟု ဆိုပြီး ကျားဖြူပါတီဝင် တချို့အား ဖမ်းဆီးရိုက်နှက်
by -
မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုရှိ ကျားဖြူပါတီဝင်များအား သျှမ်းသူပုန်နှင့် အစည်းအဝေး ပြုလုပ်သည်ဟု စွပ်စွဲပြီး စရဖ တပ်ကြပ်ကြီး အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးမေးမြန်း ...

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုရှိ ကျားဖြူပါတီဝင်များအား သျှမ်းသူပုန်နှင့် အစည်းအဝေး ပြုလုပ်သည်ဟု စွပ်စွဲပြီး စရဖ တပ်ကြပ်ကြီး အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“မိုင်းပါးကျားဖြူပါတီက သျှမ်းသူပုန်နဲ့ အစည်းအဝေး လုပ်တယ်လို့ စွပ်စွဲပြီး ကျားဖြူပါတီဝင်တွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ ကြံ့ဖွံ့ပါတီဝင် တစ်ယောက်လဲ ပါတယ်၊ သူ့ကို ကြံ့ဖွံ့မှန်း မသိလို့” ဟု သိန္နီသား တစ်ဦးက ပြောပါသည်။

သိန္နီမြို့နယ် စရဖတပ်ကြပ်ကြီး မိုးကျော်မောင်၊ ရဲတပ်ဖွဲ့တစ်ဖွဲ့နှင့် လားဟူပြည်သူ့စစ်တို့ ပူးပေါင်းတပ်ဖွဲ့က နောင်တော်ရွာနေ ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းစံမွန်းနေအိမ်သို့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄းဝဝ နာရီ၌ ရောက်ရှိလာကာ ရှာဖွေမွှေနှောက်ကြကြောင်း၊ စိုင်းစံမွန်းအိမ်၌ မအိပ်သည့်အတွက် ညီဖြစ်သူ စိုင်းဆိုင်ထီးအား ၀မ့်လုံရှိ နအဖ တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီဒေသခံ နောက်တစ်ဦးက ပြောပါသည်။

“အဲဒီနေ့ နံနက်ပိုင်းမှာဘဲ မောက်စလီကျေးရွာအုပ်စု နောင်ကော်ကျေးရွာနေ ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံကို သွားဖမ်းလာတယ်။ သူက ကြံ့ဖွံ့ပါတီဝင်ကဒ် ပြပေမဲ့ သူတို့ အဖွဲ့က ဂရုမစိုက်ဘူး။ သူ့ကိုတိုင်မှာ ကြိုးနဲ့ တုတ်ပြီး ရိုက်နှက်စစ်ဆေးလို့ ငိုသံတွေတောင် ကြားရတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ထိုနေ့ နေ့လည်ပိုင်း၌ စိုင်းစံမွန်းနှင့် ကျားဖြူပါတီဝင် ၂-၃ ယောက်အား လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းကြောင်း၊ နောက်တစ်နေ့၌ ဝမ့်လုံတပ်စခန်းမှ ပိန်းဆာကျေးရွာ နမ့်အွန်ဂိတ် အနီးရှိ လားဟူပြည်သူ့စစ် တပ်စခန်းသို့ ပြောင်းရွှေ့ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းကြောင်း သိရှိရသည်။

အကြောင်းရင်းမှာ နိုဝင်ဘာ ၂ ရက် ကျားဖြူအလုပ်အမှုဆောင်အဖွဲ့ မဲရုံစောင့်ရှာရန်အတွက် အစည်းအဝေး ပြုလုပ်နေချိန် တစ်ရွာတည်းသား စိုင်းငဲ (သီပေါကုန်သည်)နှင့် တပည့်တစ်ယောက်တို့က ထော်လာဂျီ ဝယ်ယူရန် DT ဆိုင်ကယ်ဖြင့် ရွာသို့ ရောက်လာခဲ့သည်ဟု လားရှိုးတက္ကသိုလ်ကျောင်းသား သိန္နီဒေသခံ နောက်တစ်ဦးကလည်း ပြောပါသည်။

“စိုင်းငဲတို့ နှစ်ယောက်က စိုင်းစံမွန်းနဲ့ လုံးခမ်းတို့ အိမ်မှာ တည်းတယ်။ ဒါကို ရွေးကောက်ပွဲပြီး ၂-၃ ရက်အကြာ ဝမ့်လုံရွာမှာ နေတဲ့ မိုင်းပါး ရယကဥက္ကဋ္ဌ လုံးဆန်ထွန်းနဲ့ ဇနီး ပါ့ရွှေလင်း (အမျိုးသမီးရေးရာ အဖွဲ့ဝင်) တို့က ကျားဖြူပါတီက သျှမ်းသူပုန်လို့ ထင်ရတဲ့ မျက်နှာစိမ်း နှစ်ယောက်နဲ့ အစည်းအဝေး လုပ်တယ်။ မျက်နှာစိမ်းနှစ်ယောက်မှာ သေနတ်လဲ ပါလာတယ်။ စိုင်းစံမွန်းတို့ အိမ်မှာ ဝှက်ထားတယ်လို့ ပုလိပ်ကို မဟုတ်မမှန်ဘဲ သွားတိုင်တယ်။ ဒါကြောင့် ပုလိပ်တွေလဲ လာဖမ်းတာပေါ့” ဟု ၎င်းက ဆက်လက်ပြောပါသည်။

စိုင်းကျော်စံ ဖခင်က မျက်နှာစိမ်းနှစ်ယောက်မှာ သျှမ်းသူပုန် မဟုတ်ကြောင်း၊ ကုန်သည်သာ ဖြစ်ကြောင်းကို သက်သေပြရန် စိုင်းငဲကို ခေါ်လာခဲ့ရကြောင်းကို  ၎င်းနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ဤကဲ့သို့ ပြောပါသည်။

“စိုင်းကျော်စံရဲ့အဖေက စိုင်းငဲကို သွားခေါ်လာပြီး လားဟူပြည်သူ့စစ်တပ်စခန်းမှာ သက်သေပြ အာမခံချက် ပေးရတယ်။ စိုင်းငဲကိုလဲ တစ်ညဖမ်းဆီးမေးမြန်းတယ်။ သူတို့ ထင်သလို ကျားဖြူပါတီဟာ သျှမ်းသူပုန်နဲ့ အစည်းအဝေး လုပ်တယ်ဆိုတာ မဟုတ်မှန်း သိသွားတော့ အားလုံးကို နိုဝင်ဘာ ၁၆ ရက် မှာ ပြန်လွှတ်ပေးခဲ့တယ်”

“ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း လုံးစိုင်းစံအေး (ရယကဥက္ကဟောင်း) ကို မိုင်းပါးပြည်သူတွေက ထောက်ခံမဲ မပေးချင်ကြဘူး။ ကျားဖြူပါတီကိုဘဲ ပေးချင်ကြတယ်။ ဒါကြောင့် လုံစိုင်းစံအေးက ကျားဖြူပါတီကို အပြစ်ရှာချင်တဲ့အတွက် တပည့် ဖြစ်တဲ့ လက်ရှိ ဥက္ကဋ္ဌကို အသုံးချလိုက်တာ ဖြစ်မယ်လို့ ပြည်သူတွေက ထင်ကြေး ပေးနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်း ခံရသူများမှာ ကျားဖြူပါတီမှ စိုင်းစံမွန်း၊ စိုင်းဆိုင်ထီး၊ လုံးခမ်း၊ အမည်မသိ ကျားဖြူပါတီ ၀င်တစ်ဦးနှင့် ကြံ့ဖွံ့ပါတီဝင် စိုင်းကျော်စံတို့ ဖြစ်ကြသည်။

အမည်မဖေါ်လိုသည့် သျှမ်းပြည်မြောက်ပိုင်းနေ နိုင်ငံရေးသမားဟောင်း တဦးက ယခုလုပ်ရပ်ပေါ် “အစိုးရသစ် တက်လာလဲ ဘာမှ ထူးလာမှာ မဟုတ်ဘူးဆိုတာ ဒါသက်သေဘဲ။ ထင်တိုင်း ထပ်ကျဲနေဦးမှာဘဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲက အလကားဘဲ၊ ဘာအပြောင်းအလဲမှ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

ထိုင်းနယ်စပ်တွင် လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုသာ လက်ခံကြောင်း မေလ ၂၆ ရက်ကတည်းက ကြေငြာခဲ့ပြီး ဖြစ်သည်။