နမ့်ခမ်းမြို့ ပန်းဆေးကျော်မြင့်ကိုယ်တိုင်ဝင်ရောက်ကြီးကြပ်သော ရပ်ကွက် ၄ အောင်မေတ္တာ မဲရုံ၌ ယမန်နေ့က ည ၈ နာရီကျော် မှမဲရုံပိတ်ရကြောင်း မဲများကိုလဲ မဲရုံ၌မရေတွက်ဘဲ မယကရုံးသို့ သယ်ဆောင် ...
နမ့်ခမ်းမြို့ ပန်းဆေးကျော်မြင့်ကိုယ်တိုင်ဝင်ရောက်ကြီးကြပ်သော ရပ်ကွက် ၄ အောင်မေတ္တာ မဲရုံ၌ ယမန်နေ့က ည ၈ နာရီကျော် မှမဲရုံပိတ်ရကြောင်း မဲများကိုလဲ မဲရုံ၌မရေတွက်ဘဲ မယကရုံးသို့ သယ်ဆောင်သွားပြီးမှ ရေတွက်ကြောင်း စုံစမ်းသိရှိရသည်။
“မနေ့က ညနေ ၄ နာရီကျော်နေပြီ။ ခိုလုံလိရှောကတရုတ် ၂၀၀ ကျော် ကား ၄ စီးနဲ့ရောက်ချလာတာ ည ၈ နာရီ ကျော်အထိ မဲဆက်ထည့်ခိုင်းတယ်။ ရွေးကောက်ပွဲဥပဒေချိုးဖောက်တဲ့အတွက် ကျားဖြူကိုယ်စားလှယ်တွေက ၂ ကြိမ် မက သွားပြောတယ်။ ကျော်မြင့် နဲ့အခြေ အတင်စကားများကြပြီး ခရိုင်ဥက္ကဌကို ကျော်မြင့်က ဖုန်းဆက်ခေါ်တဲ့အထိ ဖြစ်ရတယ်” ဟု နမ့်ခမ်းအောင်မေတ္တာရပ် မဲရုံတာဝန် ကျဝန်ထမ်းတဦးနှင့် ရင်းနှီးသူ တဦးက ပြောပြသည်။
မဲပေးရန်ရောက်လာသော ခိုလုံလိရှောတရုတ် ၂၀၀ ကျော်မှာ နမ့်ခမ်းမြို့ ရပ်ကွက် ၄ အောင်မေတ္တာ နယ်မြေအပိုင်းထဲ စာရင်းမပါသည့် လူများဖြစ်သည်ဟုသိရသည်။
ထိုကိစ္စဖြစ်ပြီးနောက် မဲရုံ၌ မဲရေတွက်ခြင်းကို ဦးကျော်မြင့်က ကန့်ကွက်ကာ မယက ရုံးသို့ မဲပုံးများသယ်ဆောင်သွား ကြောင်း ကျားဖြူပါတီဝင်အသိုင်းအ၀ိုင်းကလည်း ပြောပြသည်။
“မဲရုံမှာ မဲရေဖို့ ဦးကျော်မြင့်က လုံးဝသဘောမတူဘူး။ အဲဒါကြောင့် မယကရုံးကိုသယ်သွားတယ်။ မဲရေနေတုန်း ည ၉ နာရီမှာတခါ ၁၀ နာရီခွဲမှာတခါ မီးပြတ်တယ်။ ကျားဖြူပါတီဝင် ၃ ယောက် လဲ စောင့်ကြည့်ဖို့ ပါသွားတယ်နမ့်ခမ်းမှာ လျှပ်စစ်မီး ကန်ထရိုက်ဆွဲထားတာလဲ ရပ်ကွက် ၂ စလေးတန်း ဥက္ကဌ ဦးစံညွန့်။ သူလဲ ဦးကျော်မြင့်နဲ့ လုပ်ဖော်ကိုင်ဖက် ဦးကျော်မြင့်ရဲ့ လူဘဲ” ဟု ၄င်းကပြောပြ၏။
နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဆရာဝန်ဦးတိုးမှာ မဲရေတွက်ရာတွင်လိုက်ပါမသွားဘဲ အိမ်ပြန်သွား သည်ဟု မဲရုံ တာဝန်ကျဝန်ထမ်းတဦး က ဆက်ပြောပြသည်။
“ ခရိုင်ဥက္ကဌတို့၊ မယက တို့ဆိုတာ ဦးကျော်မြင့်ခိုင်းဖတ်လိုဖြစ်နေတာ။ ဖုန်းဆက်တာနဲ့ ခရိုင်ဥက္ကဌ ဦးထွန်းမင်းဇော် ချက်ခြင်း ရောက်လာတာ။ ဦးကျော်မြင့်က မဲရုံမှာ မဲမရေချင်ဘူးဆိုတာနဲ့ မယက ဥက္ကဌ ဦးကိုကိုအောင် က မယက ရုံးကိုခေါ်သွားတာဘဲ။ အမှန်ဆိုရင် ရွေးကောက်ပွဲဥပဒေကိုလုံးဝ ချိုးဖောက်တာလေ။ မြို့တွင်းရပ်ကွက်တိုင်းမဲရလဒ် အားလုံး သိဖို့ ဦးကျော်မြင့်နဲ့အတူ ခယက ဥက္ကဌ မယက ဥက္ကဌတို့က ဒီမနက် ၅ နာရီခွဲအထိ မယက ရုံးမှာသောက်စား စောင့်နားထောင်ကြတယ်ဆိုဘဲ ” ဟု ရှင်းပြသည်။
နမ့်ခမ်းမြို့၌ ကျားဖြူပါတီအခြေအနေကောင်းသဖြင့် ကြံခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော်အမတ်ဝင်ပြိုင်သော ပန်းဆေးကျော်မြင့် ခေါ် ဦးဝင်းမောင်မှာ မနိုင်နိုင်အောင် မဲအပိုထည့်နေခြင်းဖြစ်သည်ဟု နမ့်ခမ်းမှ ရပ်မိရပ်ဖတဦး ကလည်းပြောပြသည်။ ၆ ရက်နေ့ည ကတည်းက ဦးကျော်မြင့်နှင့်ကြံ့ခိုင်ရေးပါတီဝင်တချို့ မြို့နယ်ကော်မရှင်ရုံးသွားပြီး မဲပြားအလွတ် ၅၀၀ ပြား အဓမ္မသွားတောင်း ယူခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတိုးကပေးလိုက်ရ သည်ဟု လည်း ကြားသိရသည်။