နမ့်ခမ်းမြို့ခံ ၀န်ထမ်းများအား ကြိုတင်မဲ ပေးခိုင်းပြီ

နမ့်ခမ်းမြို့ခံ ၀န်ထမ်းများအား ကြိုတင်မဲ ပေးခိုင်းပြီ
by -
သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ ၀န်ထမ်းများထံမှ ကြိုတင်မဲများ ကောက်ယူနေ...

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်တွင် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ ၀န်ထမ်းများထံမှ ကြိုတင်မဲများ ကောက်ယူနေကြောင်း ရွေးကောက်ပွဲ ကော်မရှင် အသိုင်းအ၀ိုင်းမှတဆင့် သိရသည်။

ယခုလ ၂ ရက်နေ့က နမ့်ခမ်းမြို့ ကောင်းနောင်မို ရပ်ကွက်ရှိ ၀န်ထမ်း ၄၀ ဦးထံမှ ကြိုတင်မဲများကို ရပ်ကွက် ကော်မရှင်က ကောက်ယူ ခဲ့ကြောင်း ကော်မရှင်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကြိုတင်မဲ ပေးတာက လျှို့ဝှက်မဲ ပေးစနစ် မဟုတ်ဘူး၊ သူတို့ (အာဏာပိုင်) ဘယ်ပါတီကိုထည့် စေချင်တယ်ဆိုတာကို ကိုယ်က ခြစ်ပေးရုံပဲ ကြိုတင်မဲ အားလုံးကတော့ ထုံးစံအတိုင်း ကြံ့ဖွံ့ပါတီကိုပဲပေါ့ ” ဟု သူက ပြောသည်။

ယခုလ ၅ ရက်နေ့မှ စ၍ နမ့်ခမ်းမြို့ပေါ် ရပ်ကွက် အားလုံးတွင် ကြိုတင်မဲ ကောက်ယူမည် ဖြစ်ပြီး ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ထံ မဲပြားများ ယနေ့ စတင်ထုတ်ပေးထားကြောင်း သိရသည်။

“နမ့်ခမ်းမြို့ပေါ် ရပ်ကွက်တွေ အားလုံး ၅ ရက်နေ့မှာ ကြိုတင်မဲ စယူမယ်။ ရပ်ကွက်အုပ်စု ၂ မှာ ဆိုရင် ကြိုတင်မဲပြား ၃၀၀ ပေါ့ ရပ်ကွက် ဥက္ကဋ္ဌကလည်း ရပ်ကွက်ထဲက တရုတ်တွေကို ပိုင်တော့ သူလုပ်မယ် ဆိုပြီး ယူထားတယ်၊ စာရေးတန်း ရပ်ကွက်ကတော့ မဲပြား ၄၇ ပြားပေါ့” ဟု သူက ပြောသည်။

ကြိုတင်မဲ ပေးခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ကိုက်ညီခြင်း မဟုတ်ပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ဖွံ့ပါတီ အနိုင်ရရေး ဆောင်ရွက်ချက်သာ ဖြစ်ကြောင်း ဒေသတွင်းရှိ နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုသည်။

ထို့အပြင် အာဏာပိုင်နှင့် ကြံ့ဖွံ့ပါတီ ပေါင်း၍ မဲဝယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက်က နမ့်ခမ်း မဲဆန္ဒနယ်တွင် ၀င်အရွေးခံမည့် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ပန်းဆေး ပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်က ကောင်းကတ်၊ ဟတ်ဟင်နှင့် မန့်မဲင်ရွာများ၌ မဲဝယ်သည့် အနေဖြင့် လူ ၁၇ ဦးအား ငွေကျပ် တစ်သောင်းစီ ပေးခဲ့ သေးကြောင်း သိရသည်။

ဦးကျော်မြင့်က လက်နက်ကိုင်ပြည်သူ့စစ်အင်အား ပြ၍ ဒေသအတွင်း စည်းရုံနေပြီး ၎င်း၏ ပြိုင်ဘက်ပါတီ ထောက်ခံသူများ သွားရေး လာရေး ခက်ခဲစေရန် မဲရုံရွှေ့ပြောင်းရေးအတွက် စစ်ဗျူဟာမှူးထံ တင်ပြထားရာ ကောင်းနောင်၊ နောင်မတာ၊ ကွန်ဟိုင်းရွာများက နောင်မလုံရွာတွင် ရွှေ့ပြောင်းမဲ ထည့်ရန်၊ ကုန်းဆာ၊ စယ့်ဟိုင်း၊ မန့်နောင် ရွာများက မန့်ခမ်းရွာ၌ မဲထည့်ရန် တို့ဖြစ်ကြောင်း သိရသည်။

 

 

 

 

Most read this week