သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲအတွင်း၌ ကျားဖြူပါတီနှင့် တခြားနိုင်ငံရေးပါတီများ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း စုံစမ်းသိရှိရ.....
သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲအတွင်း၌ ကျားဖြူပါတီနှင့် တခြားနိုင်ငံရေးပါတီများ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ကျနော်တို့ ဒေသမှာ ကြံဖွံ့ ရှိမယ်၊ တစညတော့ အဲလောက် မကောင်းဘူး၊ နောက်ပြီး လားဟူပါတီလဲ ရှိသေးတယ်၊ အစတုန်း ကတော့ ကြံဖွံ့ အားသာမလိုလိုနဲ့ အခုတော့ ကျားဖြူပါတီကိုဘဲ လူငယ်တွေ စိတ်ဝင်စားလာတယ်။ ရွေးကောက်ပွဲလဲ ၁၂ ရက်ဘဲ လိုတော့တယ် ဆိုတော့ ဘယ်ပါတီ အားကောင်းမလဲဆိုတာ သိသာ လာတယ်၊ ကြံ့ဖွံ့အတွက်လဲ အကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မယ်” ခေတ်ပညာတတ် လူငယ်တဦးက ပြောပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မဲဆန္ဒနယ်အမှတ် ၇ အမျိုးသားလွှတ်တော် အမတ်လောင်း၏ စည်းရုံး ဟောပြောမှု ကောင်းသဖြင့် ပုံပါကျင်လူငယ် အများအပြား သျှမ်းပါတီအား ပြန်လည်စိတ်ဝင်စားနားလည်လာကြောင်း စုံစမ်းသိရှိရသည်။
“ကျနော်တို့ ကျားဖြူပါတီက ၂၃-၂၄ ရက်က စပြီး ပုံပါကျင်ဘက် စည်းရုံးရေး ပြန်ဆင်းနေပြီ။ စစ်သားကောက်မှု ပြသနာ ဖြစ်ပြီး နောက်ပိုင်း အခု စည်းရုံးရေး ပြန်ဆင်းတော့ လူတွေ တော်တော် များများ ပြန်ပြီး စိတ်ဝင်စားနားလည်လာတယ်။ ကျနော်တို့လဲ ပိုပြီး အားတက်တယ်” ဟု စည်းရုံးရေး အဖွဲ့မှ အဖွဲ့ဝင် တဦးက ပြော၏။
အောက်တိုဘာလကုန် နောက်ဆုံးထား စည်းရုံးရေးအပြီး လုပ်ရမည်ဟု ဆိုသဖြင့် အလျင်မီရန် လုပ်နေရကြောင်းစည်းရုံးရေး လုံးဝ ရပ်နားထားပါကလည်း ရွေးကောက်ပွဲ ဥပဒေ ညှိစွန်းရာရောက်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြော၏။
“အစကတည်းက ပုံပါကျင်မှာ ကျားဖြူကိုဘဲ ထောက်ခံအားပေးတယ်လေ။ အခုလဲ လူငယ်တွေ ပြန်ပြီး နားလည်လာတော့ ကြံ့ဖွံ့တို့၊ စပါးနှံတို့ဆိုတာ ၀င်နိုင်မယ့်ပုံ မရှိတော့ဘူး” ကျားဖြူပါတီကို ထောက်ခံသော ပုံပါကျင်မှ အစိုးရ၀န်ထမ်း တဦးက ပြောသည်။
ယခုလ ၁၆ ရက် သျှမ်းပြည်တပ်မတော်တောင်ပိုင်းက ပုံပါကျင်ဒေသခံများအား စစ်သားသစ် ကောက်ယူစုဆောင်းမှု ကိစ္စ ဖြစ်ပွါးပြီး နောက်ပိုင်း ကျားဖြူပါတီက စည်းရုံးရေး ပြန်ဆင်းခြင်း ဖြစ်သည်။
၁၄ ရက်နေ့ကလည်း မိုင်းတုံမြို့နယ် USDP ဥက္ကဌ ဦးစိုင်းအောင်ကြည်၏ ဇာတိ မဲ့ကဲန်းသို့ ကျားဖြူပါတီ စည်းရုံးရေး အဖွဲ့ ၀င်ရောက် စည်းရုံးရာ သျှမ်းလူဦးရေများသော ထိုဒေသ၌ ၎င်းတို့ အဖွဲ့အား အားတက်သရော ကြိုဆိုအားပေးကြောင်း၊ အကျဉ်းချုံး အနည်းငယ်သာ ဟောပြောခဲ့ရသော်လည်း ဒေသခံလူထုတို့ နားလည်လွယ်ကြောင်း အဆိုပါ စည်းရုံးရေး အဖွဲ့ဝင် တဦးက ပြောသည်။
“နန်းငွေမြက စည်းရုံးရေးမှာ အားတက်သရော ရှိတယ်။ ဖြစ်နိုင်တာတွေဘဲ ပြောသွားတော့ မလွန်ဆန်နိုင်လို့ ကြံ့ဖွံ့ပါတီကိုဘဲ မဲပေး ကြမယ့် လူငယ်လူထုတွေ ကျားဖြူပါတီဘက် ပြန်ပြီး ယိမ်းယိုင်လာကြတယ်” ဟု ပုံပါကျင်ဒေသခံ လူလတ်ပိုင်း အမျိုးသမီး တဦးက ပြော၏။
“၂၈ ရက်နေ့ ကျရင် မိုးတုံ မိုင်းဆတ်ဘက် ထပ်သွားဦးမယ်။ ပုံပါကျင်က လားဟူ ဒေသခံ တချို့ကတောင် ကျားဖြူပါတီကို ထောက်ခံ အားပေးကြတယ်။ ပြည်သူ့စစ်တပ် ဆောက်ဖို့ အညာအကြေကလာတဲ့ ဗမာအလုပ်သမား ၁၅၀ ကျော်တောင်မှ ကျားဖြူပါတီကို စိတ်ဝင်စား အားပေးကြတာ။ သူတို့တွေဟာ ဧည့်သည်တွေဆို ပေမယ့်လဲ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဆီ နာမည်စာရင်း သွားပေးရင် မဲပေးလို့ ရတယ်လေ” ဟု ၎င်းက ရှင်းပြသည်။
အောက်တိုဘာ ၁၆ ရက် မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း သျှမ်းပြည်တပ်မတော်တောင်ပိုင်းက တပ်သားသစ် အဓမ္မ ကောက်ယူစုဆောင်းသည့်သတင်း ဘီဘီစီမှ ထုတ်လွှင့်ပြီးနောက်ပိုင်း သျှမ်းပါတီ သျှမ်းအဖွဲ့အစည်းအပေါ် အထင်အမြင် လွှဲနေသည့် လူထုက ကျားဖြူပါတီ စည်းရုံးရေးကိုပါ လက်မခံသောကြောင့် ဆိုက်ဆင်း ခရီးစဉ် ရပ်နားထားရာမှ ယခုလ ၂၃ နှင့် ၂၄ ရက် နေ့တွင် စည်းရုံးရေးခရီး ပြည်လည်စတင်ခဲ့ခြင်း ဖြစ်သည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ဖွတ် ပါတီဟု လူသိများသည့် ပြည်ခိုင်ဖြိုးပါတီနှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်ပါသည်။