သျှမ်းပြည်အလယ်ပိုင်း လှုပ်ရှားသည့် နအဖ တပ်တခု ကျေးလက်လူထု၏ ထော်လာဂျီချောဆွဲကာ ရွာအပြင်ဘက်အရောက် လက်နက်ခဲယမ်း ပစ်ဖေါက်ပြီး ဟန်ဆောင်တိုက်ပွဲနွဲကာ အနီးပါတ်ဝန်းကျင်က ရွာသားများအား အကြောင်းမဲ့ နှိပ်ကွပ်၊ ခြိမ်းခြောက်နေသည် ...
သျှမ်းပြည်အလယ်ပိုင်း လှုပ်ရှားသည့် နအဖ တပ်တခု ကျေးလက်လူထု၏ ထော်လာဂျီချောဆွဲကာ ရွာအပြင်ဘက်အရောက် လက်နက်ခဲယမ်း ပစ်ဖေါက်ပြီး ဟန်ဆောင်တိုက်ပွဲနွဲကာ အနီးပါတ်ဝန်းကျင်က ရွာသားများအား အကြောင်းမဲ့ နှိပ်ကွပ်၊ ခြိမ်းခြောက်နေသည်ဟု စုံစမ်းသိရှိရပါသည်။
“ခလရ ၂၈၆ က ဗမာစစ်သားတစု မိုင်းနန်းက ထော်လာဂျီချော ခေါ်ပြီး မိုင်းနန်းတောင်ဘက် ( ၃ မိုင်လောက် ဝမ့်အစ်ရွာ လမ်းခွဲ)မှာ သေနတ် ဖေါက်တယ်၊ ပြီးတော့ အဲဒီအနီးအနားက ရွာတွေထဲ ဝင်ပြီး သျှမ်းတပ်နဲ့ တိုက်ပွဲ ဖြစ်တာ ရွာသားတွေ သျှမ်းသူပုန်တွေ အကြောင်း သတင်း မပို့လို့ ဆိုပြီး စစ်ဆေးမေးမြန်းရိုက်နှက်တယ်” ဟု အမည်မဖေါ်လိုသည့်အသက် ၂ဝ ကျော်လူငယ် တဦးက ပြောပါသည်။
အောက်တိုဘာ ၂ဝ ရက်နေ့၌ ခလရ ၂၈၆ မှ ဗိုလ်ကြီး ရဲမြင့် ဦးဆောင်သည့် အင်အား ၁ဝ ယောက်ကျော်က မိုင်းနန်းရွာတောင်ဘက် ဝမ့်အစ်ရွာလမ်းခွဲအရောက် M 79 ၇-၈ ချက်နှင့် လက်နက်ငယ်များ ပစ်ဖေါက်ကာ တိုက်ပွဲ အတု ဆင်နွဲခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။
“သျှမ်းသူပုန်နဲ့ တိုက်ပွဲ ဖြစ်တယ် ဆိုပြီး အနီးအနားရှိ ဝမ့်ဟိုပုံနဲ့ ဝမ့်နမ့်ပန်ရွာတို့ကို ဝင်ရောက်ပြီး တအိမ်တက်ဆင်း ထမင်းအိုး၊ ဟင်းအိုးကအစ ဆန်၊ ဆီ၊ ဆား၊ ပေါက်တူး၊ ပေါက်ပြား၊ ကြက်၊ ဝက် တွေ့တာ အကုန်ယူတယ်။ အိမ်ရှင် မရှိရင်/ သော့ခတ်ထားရင် တံခါးဖျက်ပြီး ဝင်တယ်” ဟု မိုင်းနန်း ဒေသခံ တဦးက ပြော၏။
၎င်းတို့ တပ်ဖွဲ့အား သျှမ်းသူပုန် အဲမ်ဘုတ့်ခ်ျ လုပ်နိုင်ခြင်းမှာ ရွာသားများက ထောက်ပံ့သတင်း ပေးခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်နောင်ထပ်ဖြစ်ပါက တရွာလုံးကြီးလေးသည့် ပြစ်ဒဏ် ပေးမည်ဟု နအဖစစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအုပ်စုသည် အသွင်ပြောင်းရေး လက်မခံသည့် အပစ်ရပ်သျှမ်းပြည်တပ်မတော် (တပ်မဟာ ၁) ၏ ထိန်းချုပ်နယ်မြေ ဖြစ်ပါသည်။