မြန်မာ့ကျောက်စိမ်း တရုတ်ဈေးကွက်တွင် ရောင်းအားကောင်း

မြန်မာ့ကျောက်စိမ်း တရုတ်ဈေးကွက်တွင် ရောင်းအားကောင်း

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းအထွက် နည်းလာချိန်တွင် တရုတ်နယ်စပ်မြို့ ရွေလီဈေးကွက်၌ တရုတ်ကုန်သည်များ၏ ကျောက်စိမ်း ၀ယ်ယူမှု ပမာဏသည် ယခုနှစ်ထဲ သိသိသာသာ တက်လာ....

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းအထွက် နည်းလာချိန်တွင် တရုတ်နယ်စပ်မြို့ ရွေလီဈေးကွက်၌ တရုတ်ကုန်သည်များ၏ ကျောက်စိမ်း ၀ယ်ယူမှု ပမာဏသည် ယခုနှစ်ထဲ သိသိသာသာ တက်လာကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကထက် အရည်အသွေးကောင်း ကျောက်စိမ်းရောင်းအား တက်လာသည့်အပြင် ရောင်းရငွေ တန်ဖိုး ၃ ဆခန့် တက်လာကြောင်း  ရွေလီမြို့ခံ မြန်မာ ကျောက်စိမ်းကုန်သည်ကြီး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
jade2
“ဗမာပြည်မှာ ကျောက်စိမ်း တဖြည်းဖြည်း ရှားလာတယ်၊ အရင်က တရုတ်ငွေ ၁ သိန်းလောက် တန်တဲ့ ကျောက်က အခု ၃ သိန်း ၄ သိန်း ရောင်းရတယ်။ တရုတ်တွေဘက်က ကြည့်ရင်လည်း အရင်က ယွမ်တစ်သောင်းလောက် ပေးတဲ့ ကျောက်ကို အခု ၃/၄သောင်း ပေးဖို့ မခဲယဉ်းတော့တဲ့ အနေအထားမျိုး ရှိတာပေါ့” ဟု သူက ဆိုသည် ။

ယခင်ကထက် ရွေလီကျောက်စိမ်း ဈေးကွက်သို့  တရုတ်ကုန်သည် အများအပြား လာရောက်ခြင်း ဈေးကွက် တက်ရသည့်  နောက်အကြောင်း တစ်ခု ဖြစ်ကြောင်း သူက ပြောသည် ။

“၀ယ်လိုက်အားလည်း စုံလာတယ် ၊ အရင်ကဆို ရွေလီဈေးကွက်မှာ ထိန်ချုံးနဲ့ ကွမ်းတုံကလောက်ပဲ လာဝယ်ကြတယ်။ အခုကျတော့ ဟောင်ကောင်၊ တိုင်ဝမ်၊ ကွမ်ကြိုး၊ ဟူနန် ဒေသအစုံ ရွေလီကို အဓိက ထားပြီး ရောင်းကြ၀ယ်ကြတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသားများက စိန်နှင့် ရွေများ ၀ယ်ယူစုဆောင်းသကဲ့သို့ ကျိကျိတက် ချမ်းသာလာသော တရုတ်လူမျိုးများလည်း ငွေအလကား မထားပဲ ကျောက်စိမ်း ၀ယ်စုနေသည့် အနေအထား ဖြစ်ကြောင်း သူ့အမြင်ကို ပြောပြသည် ။

“အခုက ပစ္စည်း (ကျောက်စိမ်း) ရှားတယ်၊ ပစ္စည်းရှိရင် သူ့ဟာနဲ့သူ ဖြစ်ပါတယ်။ အရင်တုန်းက ရောင်းမထွက်တဲ့ဟာတွေ အခု ရောင်းထွက်တာပေါ့။ ပစ္စည်းကောင်းရင် ပိုအလုပ်ဖြစ်တယ်” ဟု ကျယ်ဂေါင်မြို့ရှိ မြန်မာကျောက်ကုန်သည်တစ်ဦးကလည်း ပြောသည် ။

တရုတ်နယ်စပ် ရွေလီမြို့ကို ကျောက်မျက်ဈေးကွက်မြို့အဖြစ် ၁၉၉၀ မှ စတင်အကောင်အထည် ဖေါ်ခဲ့ရာ ယခုအခါ ရွေလီသည် တရုတ်ပြည် တစ်ဝန်းရှိ အဓိက ကျောက်မျက် ဈေးကွက်မြို့ ၅ မြို့အနက် တစ်ခု အပါအ၀င် ဖြစ်သည်။

လာမည့် အောက်တိုဘာလဆန်းပိုင်းတွင် ကျရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်သည့်နေ့ ပွဲတော်ရက်များအတွင်း ရွေလီမြို့တွင် ကျောက်မျက်ပြပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။

ရွေလီမြို့၌ ကျောက်မျက် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား တစ်သောင်းနီးပါးခန့် ရှိကြောင်း လေ့လာသူများက ခန့်မှန်းသည်။