လဲချား၌ ကြံ့ဖွတ်ပါတီ ရှင်းလင်းပွဲ ဆင့်ခေါ်သော်လည်း တက်ရောက်သူနည်း

လဲချား၌ ကြံ့ဖွတ်ပါတီ ရှင်းလင်းပွဲ ဆင့်ခေါ်သော်လည်း တက်ရောက်သူနည်း

သျှမ်းပြည်တောင်ပိုင်း လိုင်းခါ့(လဲချား)မြို့သို့ ကြံဖွတ်ပါတီစည်းရုံးရေးဆင်းစဉ် ရပ်ကွက်အကြီးအကဲ များမှတဆင့် ဆင့်ခေါ်ခိုင်း....

သျှမ်းပြည်တောင်ပိုင်း လိုင်းခါ့(လဲချား)မြို့သို့ ကြံဖွတ်ပါတီစည်းရုံးရေးဆင်းစဉ် ရပ်ကွက်အကြီးအကဲများမှတဆင့် ဆင့်ခေါ်ခိုင်းသော်လည်း မြို့ခံပြည်သူများတက်ရောက်ကြခြင်းမရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ရပ်ကွက်လူကြီးတွေနဲ့ခေါ်ခိုင်းတာလေ။ ပြည်သူမှစိတ်မ၀င်စားတာ။ လာတက်တဲ့သူ ၁၀ ယောက်တောင်မပြည့်ဘူး။ ရပ်ကွက်လူကြီးတွေကိုမာန်မဲတော့ သူတို့သွားပြောတာဘဲ။ ရပ်ကွက်သားတွေမလာတက်တော့ သူတို့လဲမတတ်နိုင် ဘူးလို့ပြန်ပြောတယ်” ဟု လဲချားဒေသခံတစ်ဦးကပြောပါသည်။

သြဂတ်စ် ၄ ရက် ကြံ့ဖွတ်ပါတီကစည်းရုံးရေးဆင်းမည်ဟု ရပ်ကွက်အကြီးအကဲများအားအကြောင်းကြားခဲ့၏။ ဘုန်းကြီး ကျောင်း၌ စုဝေးကြရန် ရပ်ကွက်အကြီးအကဲများမှတဆင့်သွားရောက်ပြောဆိုခိုင်းခြင်းဖြစ်သည်။

“စာဖတ်ပေဖတ် သတင်းနားထောင်ပြီးဗဟုသုတရှိတဲ့ မြို့သူမြို့သားတွေကတော့ သူတို့ရဲ့အခွင့်အရေးကို အသုံးချ တတ်လာပြီ။ ကျားဖြူပါတီစည်းရုံးရေးဆင်းရှင်းလင်းဟောပြောရတဲ့ တချို့မြို့ငယ်တွေမှာလဲ မိမိတို့အခွင့် အရေးကို နားလည် သဘောပေါက်လာပြီး အသုံးချတတ် ဆုံးဖြတ်တတ်လာပြီ။ ကြံ့ဖွတ်ပါတီရဲ့သြဇာအာဏာလဲ မကြောက်ကြတော့ဘူး” ဟု လေ့လာသုံးသပ်သူတစ်ဦးကပြောဆိုသည်။

သို့သော်အချို့ကျေးလက်ဒေသတွင် ကြံ့ဖွတ်ပါတီသြဇာအာဏာကိုကြောက်နေကြသေးကြောင်း၊ ကျေးရွာသူကြီးများ အား လူဦးရေသတ်မှတ်ပေးကာပါတီဝင်ရှာဖွေခိုင်းသောကြောင့် မသိနားမလည်သောရွာသူရွာသားများလည်း ကြံ့ဖွတ် ပါတီဝင် ဖြစ်ရကြောင်း၊ ကျားဖြူပါတီရှင်းလင်းဟောပြောပြီးနောက် ကျေးလက်လူထုအား ကြံ့ဖွတ်ပါတီ မစည်းရုံးနိုင်တော့ သောကြောင့် ထိုကဲ့သို့ရပ်ရွာလူကြီးများအားအသုံးချခြင်းဖြစ်ကြောင်း ၎င်းကဆက်ရှင်းပြသည်။

ကြံ့ဖွတ်ပါတီသြဇာအာဏာသုံးကာ ပြည်သူတို့ဆန္ဒမေးမြန်းခြင်းမရှိဘဲ အတင်းအဓမ္မပါတီဝင်ခိုင်းကြောင်း၊  သို့သော် မိမိတို့၏ အခွင့်အရေးကိုသေချာစွာသိရှိအသုံးချရန်လိုကြောင်း၊ ရှင်းလင်းပြောပြလျှင်နားလည် သဘောပေါက်လာကြကြောင်း ၎င်းက ဆက်လက်ပြောပြပါသည်။

“ကျနော်တို့ရဲ့နာမည်၊ မှတ်ပုံတင်တွေယူသွားပြီး ကြံ့ဖွတ်ပါတီထဲအတင်းအဓမ္မ၀င်ခိုင်းရင်လဲ ကျနော်တို့မစိုးရိမ် မကြောက် တော့ပါဘူး။ ကျနော်တို့ ရွေးကောက်ပွဲရက်ကျရင် မဲသွားပေးချင်လဲရတယ်။ မပေးချင်လဲရတယ်။ ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးနိုင်တယ်။ ဒါဟာကျနော်တို့ရဲ့အခွင့်အရေးဘဲ” ဟု  လဲချားမြို့ခံတစ်ဦးကပြောပါသည်။

“သတင်းထဲမှာ လားရှိုးကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာစိုင်းမောက်ခမ်းက “နှလုံးသားထက် ဦးနှောက်ကို သုံးရမယ်”လို့ပြောတာကြားဖူးတယ်။  သူ့ကိုယ်ပိုင်ဦးနှောက်ကိုသူဘယ်လိုဘဲသုံးသုံး သူများခိုင်းစေ ညွှန်ကြားတဲ့ အတိုင်းလိုက်လုပ်ရတာပါဘဲ။ သူများကြိုးဆွဲရာလိုက်ကရတဲ့ရုပ်သေးပါဘဲ” ဟု ကြံ့ဖွတ်ပါတီအား မဲမပေးရန် ဆုံးဖြတ်ထားသူလွိုင်လင်လူငယ်တစ်ဦးကပြောဆိုပါသည်။