စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ် မပြန်လျှင် ထိုးစစ်ဆင်မည်ဟု နအဖ ဖက်မှ ခြိမ်းခြောက်ထားသောကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့များ လှုပ်လှုပ်ရှားရှား ဖြစ်နေကြောင်း စုံစမ်းသိရှိရ....
စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ် မပြန်လျှင် ထိုးစစ်ဆင်မည်ဟု နအဖ ဖက်မှ ခြိမ်းခြောက်ထားသောကြောင့် တောင်ပိုင်း ၀ တပ်ဖွဲ့များ လှုပ်လှုပ်ရှားရှား ဖြစ်နေကြောင်း စုံစမ်းသိရှိရ ပါသည်။
“မနေ့ ညနေပိုင်း ၅ နာရီလောက် မိုင်းယွမ်းကနေ ၀ တပ် ၆ ဘီးကား ၃ စီး၊ ဖှိုးဝှီးအစီး ၂၀ ကျော်လောက် နားကောင်းမူးကို ဖြတ်ပြီး မိုင်းကျွက်ဘက် သွားကြတယ်။ ယာဉ်တန်းအားလုံးက စစ်သားတွေ အပြည့်ဘဲ” ဟု နားကောင်းမူးဒေသခံ တစ်ဦးက ပြောပါသည်။
နအဖဖက်မှ ထိုးစစ်ဆင်လာလျှင် ပြန်လည် ခုခံရန် အတွက် မိုင်းယွမ်း အခြေစိုက် တပ်မဟာ ၅၁၈ မှ တောင်ပိုင်း ၀ ဌါနချုပ်သို့ အင်အားကူညီ ဖြည့်ထားခြင်း ဖြစ်မည်ဟု ထိုင်းနယ်စပ် အကဲခတ် တစ်ဦးက ဤကဲ့သို့ ပြောပါသည်။
“၀ တပ်အားလုံး ပန်ဆန်းဖက် မပြောင်းဘူး ဆိုရင် သေနတ်ဖောက်ကြရလိမ့်မယ်လို့ ခြိမ်းခြောက်ထားတယ်လေ။ ၀ တပ်မှူး တွေကလဲ မပြောင်းနိုင်ဘူး။ သူတို့ သဘော အတိုင်းဘဲ တိုက်ရင်လဲ တိုက်ပေါ့လို့ ပြောထား တယ်။ မိုင်းကျွက်မှာ တပ်မဟာ ၇၇၂ ရှိတယ်။ အခု မိုင်းယွမ်းဖက်က လာတာက အကူအင်အား ထင်တယ်”
တဖက်၌လည်း သြဂတ်စ် ၂၈ ရက် မိုင်းတုံမြို့ အနောက်ဘက် အခြေစိုက် ခလရ ၂၇၇ က နားကောင်းမူး-မိုင်းထားလမ်း မြောက်ဘက်ခြမ်း UWSA တပ်စွဲထားသည့် နေရာနှင့် မနီးမဝေး လွယ်ခီလိတ် တပ်စခန်းသို့ ၁၀၅ မီလီမီတာ အမြောက်ကြီး တစ်လက် ယူဆောင်သွားကြောင်း သိရှိရသည်။
မိုင်းဆတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌါနချုပ် (စကခ) ၁၄ မှ တပ်မှူး အချို့ကလည်း မိုင်းဆတ်တောင်ဘက် နမ့်ကုတ်ချောင်း အနောက်ဘက် ဟိုပန်-ဟိုယွက် လမ်းခွဲ (၀ တပ်မဟာ ၂၄၈ ထိန်းချုပ်နယ်မြေအတွင်း)၌ စစ်စခန်းသစ် တည်ဆောက်ရန် သွားရောက်ကြည့်ရှုသတ်မှတ်ကြသည်ဟု ဆို၏။
“စကခ ၁၄ က အရာရှိတွေ သြဂတ်စ် ၃၀-၃၁ နှစ်ရက်ဆက်တိုက် လာကြည့်တယ်။ အဲဒီနေရာမှာ စစ်စခန်းသစ် ဆောက်ဖို့တဲ့” ဟု တာချီလိတ်ရောက် မိုင်းဆတ်ကုန်သည် တစ်ဦးက ပြောပါသည်။
မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက် အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ဒေသအမှတ် ၁၇၁ လက် အောက်ခံတပ်အားလုံး မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ် ပြန်ရန် သြဂတ်စ် ၂၇ ရက်၌ နအဖဖက်မှ ခြိမ်းခြောက် ထားခြင်း ဖြစ်သည်။