၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ စစ်အုပ်စု ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် သျှမ်းဆရာဝန် တဦးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြန်လည်လျှောက်လွှာတင်.....
၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ စစ်အုပ်စု ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် သျှမ်းဆရာဝန် တဦးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြန်လည်လျှောက်လွှာတင်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“ပြီးခဲ့တဲ့ အပတ်က လွိုင်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ ဒေါက်တာ စိုင်းခမ်းလိုင် လျှောက်လွှာ ပြန်တင်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ တရားဝင် ထွက်စာ တင်မတင်တော့ မသိရဘူး။ ကွန်ဟိန်းမှာ ကြံ့ဖွတ်ပါတီ မနိုင်မှာ ဆိုးလို့ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ၀င်ပြိုင်ပေးမှာတဲ့” ဟု ဒေါက်တာ စိုင်းခမ်းလိုင်နှင့် ရင်းနှီးသည့် လွိုင်လင်သား တဦးက ပြောပါသည်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာ စိုင်းခမ်းလိုင်သည် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းအဆင့် ယှဉ်ပြိုင်ပေးဖို့ သြဂတ်စ် ၂၄ ရက်နေ့က လျှောက်လွှာ တင်ခဲ့သည်ဟု ဆို၏။
“ရွေးကောက်ပွဲကော်မရှင်ကနေ အမတ်လောင်း ပြောင်းလုပ်တယ် ဆိုတာ စည်းမျဉ်း ဖေါက်ဖျက်တာဘဲ၊ နအဖက သူတို့ လုပ်ထားတဲ့ စည်းမျဉ်း သူတို့ကိုယ်တိုင် မလိုက်နာဘူး၊ အဲဒါ့ကြောင့် နိုဝင်ဘာ ၇ ရက် အထွေထွေ ရွေးကောက်ပွဲ ဆိုတာကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါသည်။
ထို့အတူ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဥပဒေ ပညာရှင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ရွေးကောက်ပွဲကော်မရှင် ဆိုသည်မှာ အမှီအခို ကင်းရကြောင်း၊ နိုင်ငံရေးပါတီနှင့် ပတ်သက်မှု မရှိရကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် ၀င်များ အပြောင်းအလဲ ရှိလျှင် ကော်မရှင်မှ နေ၍ သတင်းထုတ်ပြန်ရကြောင်း၊ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိဘဲ ရွေးကောက်ပွဲကော်မရှင်ဝင် တဦးဦးက ပါတီတခုခုအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ပေးမည် ဆိုပါက ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ချိုးဖေါက်ရာ ရောက်ကြောင်း ထောက်ပြပါသည်။
ဒေါက်တာ စိုင်းခမ်းလိုင် ၆၃ နှစ်သည်ကွန်ဟိန်းမြို့နယ် ကျိုင်းလုံးကျေးရွာအုပ်စု ဇာတိ ဖြစ်၏။ ပြည်နယ် ကျန်းမာရေး ဦးစီးမှူးရာထူးအဖြစ်မှ လွန်ခဲ့သည့် ၂-၃ နှစ်မှ စ၍ အနားယူခဲ့၏။ ၎င်း၏ ၀မ်းကွဲညီအစ်ကို ဒေါက်တာ စိုင်းနော်မှာမူ မိုးကုတ်မြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ကျားဖြူပါတီ (SNDP) အတွက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ထို့အတူ ၎င်း၏ တူမ ဒေါ်နန်းဝါနုမှာလည်း ကျားဖြူပါတီအတွက် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွတ်တော် အမတ်လောင်း အဆင့်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွားထားပြီး ဖြစ်သည်။