အပစ်ရပ်နယ်မြေသွားလမ်း လုံခြုံရေးအတွက် ပြည်သူ့စစ်များအား တပ်လှန့်

အပစ်ရပ်နယ်မြေသွားလမ်း လုံခြုံရေးအတွက် ပြည်သူ့စစ်များအား တပ်လှန့်

နယ်ခြားစောင့်တပ် အမြန်လုပ်ရန် (သို့) လက်နက်ချရန် နအဖ ထပ်မံဖိအားပေးအကြပ်ကိုင် နေချိန်တွင် အပစ်ရပ်နယ်မြေများနှင့် ဆက်သွယ်ထားသည့် တံတားကြီးငယ် ကားလမ်းများ လုံခြုံရေး ယူစောင့်ကြပ်ရန် တန့်ယန်း ဗျူဟာမှူးမှ ဒေသခံ ပြည်သူ့စစ် အားလုံးကို ညွန်ကြားထား....

နယ်ခြားစောင့်တပ် အမြန်လုပ်ရန် (သို့) လက်နက်ချရန် နအဖ ထပ်မံဖိအားပေးအကြပ်ကိုင် နေချိန်တွင် အပစ်ရပ်နယ်မြေများနှင့် ဆက်သွယ်ထားသည့် တံတားကြီးငယ် ကားလမ်းများ လုံခြုံရေး ယူစောင့်ကြပ်ရန် တန့်ယန်း ဗျူဟာမှူးမှ ဒေသခံ ပြည်သူ့စစ် အားလုံးကို ညွန်ကြားထားကြောင်း စုံစမ်းသိရှိရပါသည်။

“တန့်ယန်းမြို့နယ်မှာ ရှိတဲ့ ပြည်သူ့ခေါင်းဆောင်တွေကို မနေ့က ဆင့်ခေါ်ရှင်းလင်းညွှန်ကြားတယ်။ သံလွင်မြစ်ဆီ ဦးတည်တဲ့ ကားလမ်းကြီးငယ်အားလုံးနဲ့ အပစ်ရပ် SSA  တပ်မဟာ ၁ နယ်မြေဆီ သွားမဲ့ လမ်းတိုင်းမှာ ရှိတဲ့ တံတားအားလုံးကို လုံခြုံရေး ယူခိုင်းတယ်။ မနက်ပိုင်း ပြောတယ်။ ညနေပိုင်း စောင့်ခိုင်းတော့တာဘဲ” ဟု အမည် မဖေါ်လိုသည့် တန့်ယန်း ပြည်သူ့စစ် တဦးက ပြောပါသည်။

သြဂတ်စ် ၂၆ ရက် တန့်ယန်း အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်က ဒေသတွင်း ပြည်သူ့စစ် ခေါင်းဆောင်များ အားလုံး ဆင့်ခေါ်ညွှန်ကြားကြောင်း၊ ၀ နှင့် တပ်မဟာ ၁ (အပစ်ရပ် SSA ) တို့၏ သတင်းအချက်အလက်များ အချိန်မှီ ရယူသတင်း ပေးပို့ရမည် ဖြစ်ကြောင်း၊ ၀ နယ်သို့ ဆက်သွယ်သည့် လမ်းကြောင်းတိုင်း အထူးစောင့်ကြပ် စစ်ဆေးရမည် ဖြစ်ကြောင်း စသဖြင့် ညွှန်ကြားခဲ့သည်ဟု တန့်ယန်းမြို့ခံ တဦးက ဆို၏။

“ကားကြီး/ကားငယ် သွားလာနိုင်တဲ့ လမ်းကြောင်းအလိုက် တံတားသေးရင် ပြည်သူ့စစ် ၁ ယောက် ပြည်သူ ၂-၃ ယောက်၊ တံတားကြီးရင် ကြီးသလို ပြည်သူ့စစ် ၄-၅ ယောက် ပြည်သူ ၇-၈ ယောက်အထိ အတူတူ စောင့်ခိုင်း တယ်။ အချိန်မီ သတင်းပေးရမယ့်အပြင်၊ လမ်းတံတား ဖျက်ဆီးခံရရင် ပြည်သူ့စစ်နဲ့ ဒေသခံလူထုတွေ ကြီးလေး တဲ့ ပြစ်ဒဏ်ခံရမယ်လို့ ပြောတယ်” ဟု ဒေသခံ နောက်တဦးက ပြောပြပါသည်။

ပြည်သူ့စစ်နှင့် ပြည်သူပူးပေါင်းတာဝန်ယူရသည့် လမ်းကြောင်းများမှာ တန့်ယန်းမြို့မြောက်ဘက်တွင် မိုင်းကဲင် - နမ့်မူဆယ် - လွယ်မော်၊ အနောက်ဘက်တွင် ၀မ့်ကတ် - မိုင်းရယ်၊ အရှေ့မြောက်ဘက်တွင် နောင်ဖါ၊ အရှေ့ ဘက်တွင် တွန့်ဟုန်း-တာ့ကောင်းအက်သံလွင်သံတား၊ အရှေ့တောင်ဘက်တွင် (မြေနီလမ်း) နောင်ခမ်း၊ တောင်ဘက်တွင် လွယ်ကျဲ - မိုင်းကောင်(၀်)- နမ့်လောဝ်း လမ်းကြောင်းတို့ ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပြ၏။

“သံလွင်အနောက်ခြမ်းတင်မကဘူး တာကောင်းအက်ကနေ သံလွင်ရှေ့ခြမ်း ၀ နယ် မန်းဆိုင်သွားလမ်း လွယ်ပန် ဇုံခံတပ်စခန်းက ဗမာတပ်ဖွဲ့ အင်အား ၄၀၀-၅၀၀ အဆင်သင့် အမြဲရှိတယ်။ အနီးအနား ၃-၄ ရွာက ပြည်သူ့စစ် တွေကိုလဲ အဲလိုဘဲ စောင့်ခိုင်းထားတယ်” ဟု ၀ နယ်ရောက် တန့်ယန်းဒေသခံကလည်း သျှမ်းသံတော်ဆင့်သို့ ပြော၏။

တန့်ယန်းမြို့နယ် ပြည်သူ့စစ်များမှာ စိုင်းလှအောင် ဦးဆောင်သည့် (တန့်ယန်းမြို့ အရှေ့ဘက်/ဟွေ့ကိန်၊ ၀ိန်းမိုင် အခြေစိုက်) အမှတ် ၁ တပ်ခွဲ၊ စိုင်းသန်းတင် ဦးဆောင်သည့် (မြို့တွင်း နှင့် မိုင်းကောင်ရှိ) အမှတ် ၂ တပ်ခွဲ၊ ဦးအောင်ဝင်းနိုင် ဦးဆောင်သည့် အမှတ် ၃ တပ်ခွဲ၊ ဦးယားပို ဦးဆောင်သည့် (လားဟူ) အမှတ် ၄ တပ်ခွဲ၊ ၀မ့်ပန် အခြေစိုက် ဗိုလ်မွန်း ဦးဆောင်သည့် အမှတ် ၅ တပ်ခွဲ၊ မိုင်းဟ-မိုင်းဟဲန်း အခြေစိုက် ဦးလောဝ်းမား ဦးဆောင် သည့် အမှတ် ၆ တပ်ခွဲ တို့ဖြစ်သည်။

နအဖ ထိန်းချုပ်နယ်မြေ၌ နယ်မြေခံ ပြည်သူ့စစ်များအား ညွှန်ကြားတပ်လှန့်နေချိန်တွင် ၀ တပ်ဖွဲ့ကလည်း နအဖတပ်နှင့် မျက်နှာချင်းဆိုင် ရှေ့တန်းတပ်စခန်းများအတွက် စားနပ်ရိက္ခာနှင့် လူသူလက်နက်အင်အား ထပ်မံဖြည့် တင်းနေကြောင်း  ၀ နယ်သို့ ခရီးသွားလာသည့် ကုန်သည် နောက်တဦးက ပြောပါသည်။

 

 

 

 

 

Most read this week