ကျားဖြူပါတီ၌ အမျိုးသမီး အမတ်လောင်းများ ပါဝင်

ကျားဖြူပါတီ၌ အမျိုးသမီး အမတ်လောင်းများ ပါဝင်
by -
မွေခေါဝ်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ၌ နိုဝင်ဘာ ၇ ရက် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် လွှတ်တော်အဆင့် ယှဉ်ပြိုင်ရန် အမျိုးသမီး အမတ်လောင်း ပါဝင်....

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ၌ နိုဝင်ဘာ ၇ ရက် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် လွှတ်တော်အဆင့် ယှဉ်ပြိုင်ရန် အမျိုးသမီး အမတ်လောင်း ပါဝင်ကြောင်း စုံစမ်းသိရှိရပါသည်။

“သြဂတ်စ် ၁၇ ရက် မူစယ်မှာ လုပ်ခဲ့တဲ့ မူစယ်ခရိုင် ကျားဖြူပါတီ အစည်းအဝေးမှာ ရွေးလိုက်တာ။ အမည်စာရင်း တင်သွင်းသူ ၁၆ ယောက်ထဲကနေ လွတ်တော် သုံးရပ်အတွက် လျှို့ဝှက်မဲပေးစနစ်နဲ့ ကိုယ်စားလှယ်လောင်း ၄ ယောက် ရွေးတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ကျားဖြူပါတီဝင်တစ်ဦးက ပြောပါသည်။

လျှို့ဝှက်မဲပေး စနစ်ဖြင့် နှစ်ပိုင်းခွဲ ရွေးချယ်ကြောင်း၊ ပထမတစ်ပိုင်းသည် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် အတွက် ဖြစ်ပြီး ကျန်တစ်ပိုင်းသည် ပြည်နယ်လွှတ်တော်အတွက် ဖြစ်သည်ဟု ဆို၏။

“ရလာတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အစဉ်လိုက် ရွေးလိုက်တာ။ ပထမပိုင်း မဲအများဆုံး ရတဲ့ သူက အမျိုးသား လွှတ်တော်အဆင့်၊ ဒုတိယအများဆုံး ရတဲ့ သူက ပြည်သူ့လွှတ်တော်အဆင့်နဲ့ နောက်တစ်သုတ် မဲအများဆုံး ရတဲ့ သူက ပြည်နယ် လွှတ်တော်အဆင့်မှာ ၀င်ပြိုင်ဖို့ အရွေးခံရတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

ပြည်နယ်လွှတ်တော်၌ ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသော ကျားဖြူ ကိုယ်စားလှယ်လောင်း ၂ ဦးအနက် တစ်ဦးမှာ ဆရာမ နန်းငွေငွေ (၅၄ နှစ်) ဖြစ်၏။ ၎င်းသည် ဘီအီးဒီအောင် မူစယ်အထက်တန်းကျောင်းဆရာမဟောင်း ဖြစ်၏။ မဆလခေတ်မြို့နယ်ကောင်စီ လုပ်ငန်းစီစစ်ရေး လုပ်ကိုင်ခဲ့ဖူးသည်။

“ဆရာမ နန်းငွေငွေအပြင် ကျန်မြို့နယ်တွေမှာလဲ အမျိုးသမီး အမတ်လောင်းတွေ ပါဝင်လာမယ်လို့ ယုံကြည် တယ်။ ဘာကြောင့်လဲဆိုတော့ ကျားဖြူပါတီဝင်အင်းအားရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းဟာ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဖြစ်တယ်” ဟု အမည်မဖော်လိုအခြားပါတီဝင်တစ်ဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ နမ့်ခမ်းနှင့် မူစယ်၊ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်နှင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် တို့၌ အမျိုးသမီးထု ပိုမိုပါဝင်လာသည်ဟု ဆို၏။
tiger-party
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမတ်လောင်း ၂၂၉၆ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီး ၈၄ ဦး ယှဉ်ပြိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်နှင့် နိုင်ငံရေး အကျဉ်သားများ ကူညီစောင့်ရှောက်ရေး အသင်းမှ ထုတ်ဝေသော “မြန်မာပြည် နိုင်ငံရေး အမျိုးသမီး အကျဉ်းသူများ” အစီရင်ခံစာမှ ဖော်ပြ ထားသည်။

အမျိုးသမီး ၈၄ ဦးအနက် ၁၅ ဦး လွှတ်တော်တွင်နေရာ ရခဲ့သော်လည်း ၎င်းတို့သည် အကျဉ်းချခံရခြင်းနှင့် မိသားစု ဖိနှိပ်ခံရခြင်းများ ကြုံခဲ့ရကြောင်း ထိုအစီရင်ခံစာက ဆို၏။

“အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အားလုံးကို ကျားဖြူပါတီက ကြိုဆိုပါတယ်။ ဘယ်သူမဆို သတ်မှတ် ထားတဲ့ အရည်အချင်း ပြည့်မီရင် လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်နိုင်ပါတယ်” ဟု မူစယ်ကျားဖြူပါတီဝင် တစ်ဦးက ပြောဆိုသည်။

ကျားဖြူပါတီက ပါတီဝင်အင်အား ၁၅၀၀ ကျော် စာရင်းကို နေပြည်တော်သို့ သြဂတ်စ် ၁၇ ရက်၌ တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်စာရင်း တင်ပြရန်သာ ကျန်ရှိကြောင်း သိရှိရသည်။

 

 

Most read this week