ကြက်သွန်နီစျေး ထိုးကျခြင်းနှင့် ဗိုလ်ချုပ်ကြီးများ၏ အယူသီးမှု ဆက်စပ်နေသလော

ကြက်သွန်နီစျေး ထိုးကျခြင်းနှင့် ဗိုလ်ချုပ်ကြီးများ၏ အယူသီးမှု ဆက်စပ်နေသလော

ကြက်သွန်နီစျေးသည် ယခုနှစ် ကြက်သွန် စတင်ပေါ်ထွက်ချိန် ဧပြီလပိုင်းက တစ်ပိဿာ ကျပ် ၂၀၀ ၀န်းကျင်နှင့် လတ် တလော တစ်ပိဿာကျပ် ၁၀၀ ခန့်သာ ပေါက်စျေးရှိ...

ကြက်သွန်နီစျေးသည် ယခုနှစ် ကြက်သွန် စတင်ပေါ်ထွက်ချိန် ဧပြီလပိုင်းက တစ်ပိဿာ ကျပ် ၂၀၀ ၀န်းကျင်နှင့် လတ် တလော တစ်ပိဿာကျပ် ၁၀၀ ခန့်သာ ပေါက်စျေးရှိသောကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

ကြက်သွန်နီ တစ်ပိဿာထွက်ရန် ရင်းနှီးငွေမှာ ကျပ်  ၄၀၀ ၀န်းကျင် ကုန်ကျပြီး  လက်ရှိပေါက်စျေး ကျပ် ၁၀၀ ခန့်အထိ စျေးထိုးကျနေသည့် ကြားထဲက ၀ယ်သူမရှိ ဖြစ်နေကြောင်း မြေလပ်ပိုင်းမှ ကြက်သွန်စိုက် တောင်သူတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“စျေးကျတာကတော့ သင်္ကြန်ကာလ ဧပြီလ စပေါ်ကတည်းကပဲ အခုရက်ပိုင်း (ကျပ်) ၁၀၀ ၀ယ်သူမရှိဘူး ကြက်သွန် တစ်ပိဿာကို ကုန်ကျစားရိတ်က အရင်းတင် ၃၅၀ နဲ့ ၄၀၀ ကြားမှာရှိတယ် အခုဆိုရင် အလေးချိန်တွေက တော်တော် လျော့သွားပြီ  အလျော့တွက်နဲ့ဆိုရင် တစ်ပိဿာကို ၅၀၀ လောက်ရှုံးသွားပြီ ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ ၊ တောင်သာနှင့် ဆိပ်ဖြူနယ်များတွင် ကြက်သွန်နီ စီးပွားဖြစ် စိုက်ပျိုးကြပြီး ငွေအရင်း အနှီး ချေးငှား၍ စိုက်ပျိုးကြသည့် တောင်သူငယ်များက ပို၍ အထိနာကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့တောင်သူကြီးကတော့ ပြဿနာမရှိဘူးပေါ့ ကြက်သွန်ရှုံးရင် ပဲကပြန်ရမယ် နှမ်းကပြန်ရမယ် ပိုက်ဆံမရှိတဲ့ နောက်ကောက်ကလေးတွေတို့ ထင်ကြေးနဲ့လုပ်တဲ့သူတို့ တော်တော် ဒုက္ခရောက်နေတာပေါ့ ငွေရှင်ကိုလယ်တွေ ထိုးအပ် လိုက် ရှိတဲ့နွားလေးထိုးအပ်လိုက်နဲ့ အဲလိုဒုက္ခရောက်နေတာပေါ့ဗျာ ” ဟု သူက ဆိုသည်။

ယမန်နှစ်က ကြက်သွန်နီ အထွက်နည်းခဲ့သောကြောင့် မူရင်းကြက်သွန်ထွက်ရာ ဒေသများ၌ပင် တစ်ပိဿာ ကျပ် ၅၀၀ မှ ၁၀၀၀ အထိ စျေးမြှောက်လာရာ နအဖစစ်အစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှု မှန်သမျှကို ထိုအချိန်မှ စတင် ပိတ်ပင်ထားသည်။

ယခုနှစ် ကြက်သွန်နီအထွက်သည် ယမန်နှစ်ကထက် ၃ ဆမျှ ထွက်အားပိုခဲ့သည့် တိုင်အောင် ပြည်ပတင်ပို့ခွင့် ပိတ်ပင် ထားဆဲဖြစ်ရာ ၎င်းသည် ပြည်တွင်း၌ ကြက်သွန်နီများစုပုံ၍ စျေးထိုးကျရသည့် အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း ကြက်သွန် ကုန်သည်များက ယူဆကြသည်။

“ဒီနှစ်က ကြက်သွန်စိုက်ချိန်က ရာသီဥတုကလည်း ကြက်သွန်အကြိုက်ဖြစ်သွားတယ် မနှစ်က ထက်ထွက် အားလည်းပို တယ် မနှစ်ကထက် ၃ ဆလောက်ပိုသွားတယ် တံခါးပေါက်တွေကပိတ်ထားလိုက်တော့ ပြည်တွင်းထဲမှာတင် ပုံနေတော့ တာပေါ့ကွာ” ဟု ၀ါရင့်ကြက်သွန်ကုန်သည်တစ်ဦးက ဆိုသည်။

ထိုသို့ ပြည်တွင်း၌ ကြက်သွန်နီစျေးထိုးကျပြီး တောင်သူများနစ်နာနေသည့် တိုင်အောင် ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားခြင်း မှာ နအဖစစ်အစိုးရက ကြက်သွန်နီစျေးမတက်စေရန် တမင်ထိန်းချုပ်ထားခြင်းကြောင့်ဟု ဆိုသည်။

“ကြက်သွန်စျေးတက်ရင် တိုင်းပြည်ပျက်တယ် ဆိုတဲ့ အတိတ်တဘောင်တွေနဲ့  ကျန်တဲ့ဟာကိုဒီလောက် မထိန်းဘူး ကြက်သွန်ကိုပဲ တအား ထိန်းတာ စျေးတက်ရင် သူတို့ (နအဖ) တိုင်းပြည်ပျက်မှာကြောက်လို့ ဒါကိုဖွင့်မပေးဘူးပေါ့ဗျာ သူတို့အယူနဲ့ သူတို့လုပ်နေတယ်လို့ ပြောကြတာပေါ့ဗျာ” လို့ စောစောက ကုန်သည်က ဆိုသည်။

၁၉၈၈ ဒီမိုကရေစီ လူထုအုံကြွမှုကာလနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလများတွင် ကြက်သွန်နီ စျေးများ တက်လာခဲ့ကြောင်း သူက ဆက်ပြောသည်။

“၈၈ အရေးအခင်းဖြစ်တုန်းကလည်း စျေးတွေတစ်ခါတည်းမြှောက်တက်သွားသေးတယ် သံဃာတွေတစ်ခါ မငြိမ်မသက် ဖြစ်တော့ ကြက်သွန်စျေးက တစ်ခါပြန်တက်လာပြန်ရော အဲဒီကတည်းက ဒီဟာကိုတအား နှိပ်ကွပ်တော့တာပဲ ကြက်သွန် သမားတွေက ဒီလိုပဲယူဆကြတယ် ” ဟု သူက ဆိုသည်။

ကြက်သွန်နီစျေးကျသဖြင့် စားသုံးသူများဘက်မှ ကြည့်လျှင် ကောင်းသည်ဟု ဆိုနိုင်သော်လည်း  ပြည်ပ တင်သွင်းမှု အ ပေါ် မှီခိုနေရသည့် မြန်မာနိုင်ငံတွင် အခြားကုန်ပစ္စည်းများနှင့် စားသောက်ကုန်များသည် စျေးတက်မြဲ တက်နေရာ ကြက်သွန်နီ စျေးကျ၍ ပိုအကြောင်းထူးမည့်ပုံမမြင်မိကြောင်း စီးပွားရေးသမားတစ်ဦးက ဆိုသည်။

၂၀၀၃ မှစ၍ နအဖက တစ်ပြည်လုံးတွင် ခြံစည်းရိုးကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည် ဖေါ်ခဲ့ရာ ၎င်းစီမံကိန်းသည် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ဗေဒင်ယတြာအယူအဆကြောင့် ဖြစ်ကြောင်း လူအများက ယူဆနေကြသည်။

 

 

 

 

 

Most read this week