ဂျူလိုင်လနောက်ဆုံးပတ်က မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ခြင်း ခံရသော ဗိုလ်ချုပ်ဆေထဲန့်အား တခြားထောင်သို့ ဆက်လက် ပြောင်းရွှေ့....
ဂျူလိုင်လနောက်ဆုံးပတ်က မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ခြင်း ခံရသော ဗိုလ်ချုပ်ဆေထဲန့်အား တခြားထောင်သို့ ဆက်လက် ပြောင်းရွှေ့ လိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
“မန္တလေး အိုးဘိုထောင်မှာ မရှိတော့ဘူးဆိုတာ ကျမတို့ မသိရတော့ ထောင်ဝင်စာ တွေ့ဖို့ တန်းစီစောင့်ရတာ။ ကျမတို့ အလှည့်ရောက်မှ အဖေ့ကို ရန်ကုန်ပြောင်းလိုက်ပြီလို့ လာပြောတယ်။ မိသားစုကို ကြိုပြောမထားတော့ အချိန်ကုန် လူပမ်းရတာပေါ့” ဟု သမီးဖြစ်သူ နန်းခမ်းပေါ၀်းက ပြောပါသည်။
ဂျူလိုင် ၃၁ ရက်နေ့က သျှမ်းပြည်တပ်မတော် (အပစ်ရပ်တပ်ဖွဲ့) နာယက ဗိုလ်ချုပ် ဆေထဲန့်အား ခမ္တီးထောင်မှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ မိသားစုအား စနေနေ့ ထောင်ဝင်စာတွေ့ခွင့် ပေးမည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့ကတည်းက ရန်ကုန် အင်းစိန်ထောင်သို့ ဆက်လက်ပြောင်းရွှေ့ ထားကြောင်း သိရသည်ဟု သမီးဖြစ်သူက ပြော၏။
“ ကျမတို့ ကြားရတဲ့အတိုင်း စစ်တွေကို မပို့ဘဲ ရန်ကုန်မှာဘဲ ထားရင်တော့ ကောင်းတယ်။ ဒီနေ့ အဖေ့ကို တွေ့ရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတာ မတွေ့ရဘဲ ထောင်ပြောင်း လိုက်ပြီ ဆိုတော့ တမျိုးတော့ ဖြစ်တာပေါ့။ ရန်ကုန်အင်းစိန်ထောင် ပြောင်းလိုက်တာဟာလဲ အဖေ့ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါစေလို့ဘဲ မျှော်လင့်ပါတယ်။ ကျမတို့လဲ ဒီညကားနဲ့ဘဲ ရန်ကုန်ကို ပြန်လိုက်ဆင်းမယ်။ ဟို ရောက်မှ ဘယ်နေ့ထောင်ဝင်စာ တွေ့ခွင့်ရမယ်ဆိုတာ သိရမှာ” ဟု ဆက်၍ ပြော၏။
အပစ်ရပ် (မြောက်ပိုင်း) သျှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ် ဆေထဲန့်သည် သျှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရာတွင် ပါ၀င်သောကြောင့် သျှမ်းခေါင်းဆောင် ၉ ဦး အပါ အဝင် ၂၀၀၅ နှစ်ဦးပိုင်းက အဖမ်းခံခဲ့ရသည်။
နအဖ စစ်အုပ်စုက အဆိုပါ သျှမ်းခေါင်းဆောင်များအား ပြည်ထောင်စုမှ ခွဲထွက်လိုမှုဖြင့် စွပ်စွဲပြီး ၂၀၀၅ နှစ် နှောင်းပိုင်းတွင် ဗိုလ်ချုပ် ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ချ၍ ခန္တီးထောင်သို့ ပို့ဆောင်ချုပ်နှောင် ခဲ့သည်။