သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်း မီးသွေးသယ်ဆောင်ရောင်းဝယ်မှုကို သြဂတ်စ် ၁ ရက်မှစ၍ ပိတ်ပင်လိုက် သဖြင့် မီးသွေးစျေးနှစ်ဆထိုးတက်သွားပြီး ပြည်သူများ အခက်တွေ့ ငြီးငြူ.....
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်း မီးသွေးသယ်ဆောင်ရောင်းဝယ်မှုကို သြဂတ်စ် ၁ ရက်မှစ၍ ပိတ်ပင်လိုက် သဖြင့် မီးသွေးစျေးနှစ်ဆထိုးတက်သွားပြီး ပြည်သူများ အခက်တွေ့ ငြီးငြူနေကြကြောင်း စုံစမ်းသိရှိရပါသည်။
“စီးပွါးရှာရတာလဲမလွယ်။ ကုန်စျေးနှုန်းတွေတက်၊ မီးသွေးစျေးလဲထပ်တက်တယ်ဆိုတော့ အခက်တွေ့တာပေါ့” ဟု မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပြပါသည်။
မီးသွေးတစ်အိတ်တန်ဖိုး ကျပ် ၂၀၀၀-၂၅၀၀ မှ ကျပ် ၆၀၀၀အထိတက်သွားကြောင်း၊ တစ်အိတ် ၈ ပိဿာ - ၁၀ ပိဿာအလေးချိန်ရှိကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။
ဂျူလိုင် ၂၆ ရက် ကွတ်ခိုင်-သန္နီဘက်မှလားရှိုးအဝင် ၀န်တင်တပ်အေတီဂိတ်မှဝင်လာသည့် မီးသွေးအိတ်သယ် ကားအတွင်း ဘိန်းဖြူနှင့်ရာမဖမ်းဆီးမိရာမှ ထိုသို့ပိတ်ပင်လိုက်ကြောင်း၊ ပိုင်ရှင်မှာ ကွတ်ခိုင်မြို့နယ် ကောင်းခါး အခြေစိုက်ကချင် ကာကွယ်ရေး တပ်မတော် KDA (ယခုနယ်ခြားစောင့်တပ်)နှင့်နှီးနွယ်သည့် တရုတ် အမျိုးသား ဖြစ်သည်ဟုု ရဲကပြောဆိုကြောင်း သိရှိရပါသည်။
“မီးသွေးရောင်းပြီး ၀မ်းစာရှာဖွေစားသောက်နေရတာ။ အခုလိုမီးသွေးပိတ်လိုက်တော့ခက်ပြီပေါ့” ဟု မြို့တွင်း မီးသွေးရောင်း သူတစ်ဦးကလည်း ပြောသည်။
လွန်ခဲ့သည့် ၂ နှစ်မှစ၍ လားရှိုးရမခလက်အောက်ခံတပ်များမှ လွှစာမီးသွေးဒေါင့် ပြုလုပ်ရောင်းချမှု ရှိကြောင်း၊ အေတီဂိတ် ပြင်မှ မီးသွေးများတင်သွင်းရောင်းချလျှင် ရမခမီးသွေးများ သိပ်မရောင်းရသဖြင့် ထိုကဲ့သို့ယမယ်ရှာ ခြင်းဖြစ်နိုင်ကြောင်း၊ တစ်သေတ္တာလျှင် တစ်လက်မခွဲလုံးပတ် တစ်တောင်ခန့် ရှည်သည့် မီးသွေးဒေါင့် ၂၀ ပါရှိ ကြောင်း ၎င်းက ဆက်လက်ပြောပြပါသည်။
“ပြည်သူကသူတို့ရဲ့မီးသွေးကိုသိပ်မသုံးဘူးလေ။ သူတို့မီးသွေးရောင်းကောင်းအောင်လို့ အခုလိုပိတ်လိုက်တာ ထင်တယ်။ ရမခမီးသွေးစျေးလဲ တစ်သေတ္တာ ၂၅၀၀ ကနေ ၄၀၀၀ အထိတက်သွားတယ်” ဟု ဒေသခံတစ်ဦးက လည်း ပြောပါသည်။
လားရှိုးအခြေစိုက် ရမခလက်အောက်ခံတပ်များမှာ ၀န်တင်တပ်ရင်း၊ ခလရ ၆၈၊ ခလရ ၄၁၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ အမှတ် ၆၂၆ ထောက်ပို့တပ်၊ ဆေးတပ်ရင်းတို့ဖြစ်ကြောင်း သိရှိရသည်။