လားရှိုး ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် သြဂုတ်လ ၂ ရက်နေ့ ကတည်းက မူစယ်မြို့၌ ရောက်ရှိ နေထိုင် လျက်ရှိပြီး ရွှေလီချိုင့်ဝှမ်းဒေသဟု ခေါ်သော မူစယ်ခရိုင်အတွင်းရှိ နအဖတပ်စခန်းများကို ယနေ့ အထိ လှည့်လည် စစ်ဆေး...
လားရှိုး ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် သြဂုတ်လ ၂ ရက်နေ့ ကတည်းက မူစယ်မြို့၌ ရောက်ရှိ နေထိုင် လျက်ရှိပြီး ရွှေလီချိုင့်ဝှမ်းဒေသဟု ခေါ်သော မူစယ်ခရိုင်အတွင်းရှိ နအဖတပ်စခန်းများကို ယနေ့ အထိ လှည့်လည် စစ်ဆေးနေကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
ဒေသအတွင်းရှိ တပ်စခန်းများစစ်ဆေးရန် မူစယ်တွင် ရက်သတ္တတစ်ပတ်အထိ တိုင်းမှူးနေထိုင်မည်ဖြစ်ကြောင်း စစ်ဘက် နှင့် နီးစပ်သူက ဆိုသည်။
“တိုင်းမှူး မူစယ်မှာရောက်နေတာ ၄ ရက်ရှိပြီ နောက်ထပ် ၃ ရက်နေအုံးမယ် သူနဲ့အတူ ကွတ်ခိုင် ဗျူဟာမှူး ပါလာတယ် တပ်စခန်းတွေလိုက်စစ်နေတယ်” ဟု နီးစပ်သူက ဆိုသည်။
ယနေ့နံနက် ၁၀ နာရီခန့် နမ့်ခမ်းမြို့သို့ ရောက်ရှိစစ်ဆေးနေပြီး ယမန်နေ့က ဒေသအတွင်းရှိ မုံးစီး ၊ တာပါးနှင့် နမ့်ဖတ် ကာ တပ်စခန်းများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရက်သတ္တတစ်ပတ်ခန့် ကြာသည်အထိ တပ်စခန်းများအား အချိန်ယူ စစ်ဆေးနေခြင်းမှာ ၂၀၁၀ အတွင်း ကျင်းပမည် ဆိုသည့် ရွေးကောက်ပွဲ လုံခြံုရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။
လားရှိုး ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
လွန်ခဲ့သည့်လကုန်ပိုင်းက နမ့်ခမ်းမြို့နယ် အတွင်းရှိကျေးရွာများ၌ နအဖ၏၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုံ့ဆော်စာများ ဖြန့်မှုနှင့် ဆက်စပ်ဖွယ်ရှိကြောင်း ဒေသတွင်းကလာသည့် သတင်းများအရ သိရသည်။
လတ်တလောတွင် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံတွင် လုံခြံုရေးတိုးမြှင့်ချထားကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောရာ ၌ တွင် “ ၁၀၅မိုင်ဂိတ်မှာတော့ ရဲတွေအင်အား တော်တော်တိုးပြီး ချထားတယ်၊ ညဆိုရင် သူတို့က ဆိုင်ကယ်တွေနဲ့ ရောက် လာတာလေ၊ အိပ်ရာလိပ်တွေအများကြီးတွေ့ရတယ် အယောက် ၅၀ လောက်ရှိမယ် ” ဟု ဆိုသည်။
တရုတ်နယ်စပ်အနီး အဆိုပါဒေသအတွင်း ကချင်ပြည်လွပ်လပ်ရေးတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလျက်ရှိသည်။