စစ်အာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်သဖြင့် ဒေသခံလူထု ကျားဖြူပါတီသို့ မဝင်ရဲ

စစ်အာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်သဖြင့် ဒေသခံလူထု ကျားဖြူပါတီသို့ မဝင်ရဲ

သျှမ်းပြည်တောင်ပိုင်း မြို့နယ်အချို့၌ ဒေသခံလူထုက ဆိုင်ရာအာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်နေသဖြင့် မြို့နယ်ကော်မတီဖွဲ့ ပြီးရုံးခွဲဖွင့်ရန်ခက်ခဲကြောင်း ကျားဖြူပါတီဝင်အသိုင်းအဝိုင်းမှ ကြားသိရ...

သျှမ်းပြည်တောင်ပိုင်း မြို့နယ်အချို့၌ ဒေသခံလူထုက ဆိုင်ရာအာဏာပိုင်များကို ခပ်ရွံ့ရွံ့ဖြစ်နေသဖြင့် မြို့နယ်ကော်မတီဖွဲ့ ပြီးရုံးခွဲဖွင့်ရန်ခက်ခဲကြောင်း ကျားဖြူပါတီဝင်အသိုင်းအဝိုင်းမှ ကြားသိရပါသည်။

“မိုင်းရှုး လဲချားနဲ့ နမ့်ဇန်က မျိုးချစ်ပြည်ချစ်အမည်ခံလူကြီးလူလတ်ပိုင်းတွေ ပါတီထဲဝင်ဖို့ တွန့်ဆုတ် နေကြတယ်။ သူတို့တခုခု စိုးရိမ်နေတယ်။ အဲဒါကြောင့် မြို့နယ် ၂-၃ ခုက ကော်မတီခွဲဖွဲ့စည်းနိုင်ခြင်းမရှိသေးဘူး” ဟု စည်းရုံးရေးဆင်း ကျားဖြူပါတီ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

လဲချားမြို့တွင် SNDP ပါတီအတွက်လှုပ်ရှားရန် စိတ်အားထက်သန်နေသော လူငယ်များရှိသော်လည်း အမာခံလူကြီးများမရှိ သဖြင့် ကော်မတီဖွဲ့စည်းရန် မဖြစ်နိုင်သေးဟုဆို၏။

“ဒေသခံအာဏာပိုင်တွေ၊ ကြံ့ဖွတ်ပါတီဝင်တွေနဲ့ တစညပါတီကလူတွေကို ခပ်ရွံ့ရွံ့ဖြစ်ကြလို့ထင်တယ်။ ကြံ့ဖွတ်ပါတီ စည်းရုံးရေးဆင်းတဲ့အခါ ဒေသခံအာဏာပိုင်တွေ လိုက်လံကူညီနေတာကိုး။ ကြံဖွတ်ပါတီက သြဇာအာဏာ ရှိတယ်ဆိုတော့ ဆိုင်ရာအာဏာပိုင်တွေ ခြိမ်းခြောက်ပြောဆိုမှာစိုးလို့ထင်တယ်” ဟု လွယ်လင်မြို့ ကျားဖြူပါတီဝင် တစ်ဦးက သုံးသပ်ပါသည်။

ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည့် မြို့နယ်ကော်မတီများဖွဲ့စည်းနိုင်သည်အထိ ကျားဖြူပါတီဌါနချုပ်က ဆက်လက် ကြိုးစား သွားမည်ဖြစ်ကြောင်း၊ ကော်မတီဖွဲ့စည်းပြီးသည်နှင့် သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ဌါနချုပ်မှ လူကြီးများ ကိုယ်တိုင်ကွင်းဆင်းမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။

“၂၀၁၀ ရွေးကောက်ပွဲကတော့ တရားနည်းလမ်းကျပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ခက်ခဲလိမ့်မယ်” ဟု လဲချား ဒေသခံတစ်ဦးကလည်း ပြောပြပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်မြို့များ၌လည်း မြို့နယ်ကော်မတီမဖွဲ့စည်းရသေးပေ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မိုင်းတုံတွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၈၀ %ဖြင့် အနိုင်ရခဲ့သည်။

ကျားဖြူပါတီသည် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းမှအပ ကျန်မြို့နယ် အသီးသီး၌၎င်း၊  သျှမ်းပြည်တောင်ပိုင်း၌ မြို့တော်တောင်ကြီး၊ ကျေးသီး၊ လွယ်လင်၊ ပင်လုံ၊ မိုင်းကိုင်၊ ပင်လောင်း၊ မိုးနဲ၊ လန်းခေး၊ မိုင်းပန်၊ သျှမ်းပြည်အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ မိုင်းပြင်းတို့၌ ပါတီရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်သည်။