သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ SNDP က သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်ကော်မတီ ရုံးခွဲဖွင့်လှစ်ရာ မိမိဆန္ဒအရ ဒေသခံလူထု ကိုယ်တိုင်ရုံးသို့ သွားရောက်လျှောက်ထား ပါ၀င်ကြကြောင်း ကြားသိရပါသည်။
ဂျူလိုင် ၂၁ ရက် နံနက်ပိုင်းက ကျင်းပေသော ကျားဖြူပါတီ မိုးနဲမြို့နယ်ကော်မတီ ရုံးဖွင့်ပွဲနှင့် ပါတီအလံ-ဆိုင်းဘုတ် တင်ပွဲ အခမ်းအနား၌ ကော်မတီဥက္ကဋ္ဌ စိုင်းစောလုံ (၄၀ နှစ်)မှ ဖွင့်လှစ်ပေးခဲ့သည်။
“တခြားမြို့တွေထက် ပြည်သူထောက်ခံအားပေးမှု ပိုရတယ်။ ဘာကြောင့်လဲ့ဆိုတော့ အများစုက ကိုယ်တိုင်ရုံးလာပြီး ပါတီဝင်အဖြစ် လျှောက်ခဲ့ ကြတယ်။ တခြားမြို့တွေမှာ ကော်မတီဝင်နဲ့ ပါတီဝင်တွေ ရဖို့အတွက် ရပ်ကွက်အလိုက် ကျေးရွာအလိုက် လိုက်လံစည်းရုံးရတယ်။ အခုဆို မြို့နယ်ကော်မတီပါတီဝင် အမာခံ အယောက် ၅၀ ကျော်ပြီ” ဟု သျှမ်းပြည်တောင်ပိုင်းရောက် ကျားဖြူပါတီဝင်တစ်ဦးက ပြောပါသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ထင်ပေါ်စန်းပွင့် မှုကြောင့် ကိုယ်စားလှယ်လောင်းများမှာ အရည်အချင်း မရှိသော်လည်း ပါတီနာမည် မြင်ရုံသိရုံဖြင့် ပြည်သူများ မဲပေးကြကြောင်း၊ ယခု ထိုအခြေအနေမျိုး မဟုတ်တော့သဖြင့် ကိုယ်စားလှယ်လောင်း ရွေးရာတွင် အခက်အခဲ ရှိနိုင်ကြောင်း ပင်လုံမြို့ခံကျားဖြူပါတီဝင်တစ်ဦးက ဤကဲ့သို့ ပြောပြပါသည်။
“၁၉၉၀ တုန်းက အခြေအနေနဲ့ မတူတော့ အရည်အချင်း ရှိပြီး အများလက်ခံနိုင်တဲ့ နာမည်ကောင်းရ အမာခံ ကိုယ်စားလှယ် လောင်းရဘို့ အခက်အခဲ ကြံုနိုင်တယ်”
မိုးနဲမြို့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ပြည်ခိုင်ဖြိုးပါတီ USDP နှစ်ပါတီသာ စည်းရုံးလှုပ်ရှားလျက်ရှိသည်။
စိုင်းစောလုံသည် နမ့်ဇန်မြို့မှ မိုးနဲမြို့ ပေါ်မိန်းရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ပြီး မြန်မာ့ဆိုရှယ်လှစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင်လည်း နိုင်ငံရေး ပါ၀င်လှုပ်ရှားခဲ့ဖူးသူ ဖြစ်သည်။
အလားတူပင် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့၌ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီး ဖြစ်သော်လည်း မြို့နယ်ရုံးခွဲ မဖွင့်ရသေးကြောင်း သိရှိရသည်။
“ကြံ့ဖွ့ံပါတီလဲ အသင်းဖျက်သိမ်းပြီးနောက်ပိုင်း အင်အားနည်းလာပါပြီ။ ဆန္ဒမပါဘဲ အတင်းဝင်ခိုင်းထားတဲ့ ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသား တွေ၊ ၀န်ထမ်းတွေလဲ မပါတော့ဘူးလေ။ ပါတီဝင်လျှောက်လွှာ ဖြည့်ပြီး ရုံးမှာ သွားတင်မှဘဲ ပါတီဝင် ဖြစ်တော့မယ်။ ဒါကြောင့် ကြံ့ဖွံ့ံပါတီဟာ လူအားငွေအား သြဇာ အရှိဆုံး ဖြစ်ပြီး နအဖက ကျောထောက်နောက်ခံ ပေးထားတော့ တပြည်လုံး သူတို့ဘဲ အနိုင်ရနိုင်တယ် ဆိုတဲ့ သတင်း ထွက်နေ သလို သိပ်မကြောက်ရတော့ပါဘူး” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပြပါသည်။