လိုင်စင် ချပေးမည့် လိုင်စင်မဲ့ကား သတ်မှတ်စျေး မြင့်မားပြီး ရေရာမှု မရှိ

လိုင်စင် ချပေးမည့် လိုင်စင်မဲ့ကား သတ်မှတ်စျေး မြင့်မားပြီး ရေရာမှု မရှိ
လာမည့် လတွင် တရားဝင် လိုင်စင် ချပေးမည့် လိုင်စင်မဲ့ ကားများအား ကားအမျိုးအစားအလိုက် ရာဖြတ်အဖွဲ့မှ တန်ဖိုး သတ်မှတ်ရာတွင် ကားတန်ဖိုးသည် လက်ရှိ ပြင်ပပေါက်စျေးထက် အဆမတန် မြင့်မား...

လာမည့် လတွင် တရားဝင် လိုင်စင် ချပေးမည့် လိုင်စင်မဲ့ ကားများအား ကားအမျိုးအစားအလိုက် ရာဖြတ်အဖွဲ့မှ တန်ဖိုး သတ်မှတ်ရာတွင် ကားတန်ဖိုးသည် လက်ရှိ ပြင်ပပေါက်စျေးထက် အဆမတန် မြင့်မားနေကြောင်း နေပြည်တော် အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ၀ါရင့်ကားပွဲစား တစ်ဦး အဆိုအရ သိရသည်။

မကြာသေးခင်က ကားပွဲစား အသိုင်းအဝိုင်းကြား ရာဖြတ်အဖွဲ့မှ စျေးဖြတ်ထားသည် ဆိုသော စာမျက်နှာ ၂၄ ရွက်ခန့်ရှိ ကားစျေးနူန်း စာရင်းများ တရားမဝင် ပျံ့နှံ့လာကြောင်း သိရသည်။

၎င်းစာရင်းအရ ၉၇ မော်ဒယ် V46 Parjero ကားတစ်စီး သိန်း ၁၁၀၀ နှင့် Toyota series ထဲမှ ၉၇ မော်ဒယ် အထက် မတ်တူးကားတစ်စီး၏ တန်ဖိုးကို ကျပ်ငွေသိန်း ၁၀၀၀ ကျော်အထိ စျေးသတ်မှတ်ထားပြီး လိုင်စင်ထုတ်ရာတွင် ကားတန်ဖိုး၏  ၈၅ ရာခိုင်နူန်းကို အခွန်အဖြစ် ပေးသွင်း ရမည်ဟု ဆိုသည်။

“ထိုင်းနယ်စပ်မှာ ၂၀၀၀ မော်ဒယ် မတ်တူး ကားတစ်စီးရဲ့ လက်ရှိ ပေါက်စျေးက ကျပ်သိန်း ၄၀ ကျော်ပဲ ရှိတယ်။ တရုတ်မှာက ယွမ် ၄ သောင်း ၀န်းကျင်ပဲ ရှိတယ်။ ဒေါ်လာနဲ့ဆိုတော့ ၆ ထောင်လောက်ပေါ့ဗျာ။ ပျမ်းမျှဆို သိန်း ၄၀ နဲ့ ၆၀ ကြားမှာပဲ ရှိတယ်။ အခု သတ်မှတ်ချက်က ဗမာပြည် ပေါက်စျေးပေါ့။ အခွန် ၈၅ ရာခိုင်နူန်းဆိုရင် သိန်း ၈၅၀ ပေးရမယ်” ဟု ဆိုသည်။

လိုင်စင် ထုတ်သည့် လုပ်ငန်းအဆင့်ဆင့်တွင်လည်း ရှုပ်ထွေးနေပြီး ရေရာမှု မရှိကြောင်း သူက ဆက်ပြောရာတွင် “တကယ် မရေရာတဲ့ အလုပ်ဗျ။ ပထမဆုံးရဲစခန်း အပ်ရမယ်။ ရဲက အမှုဖွင့်ပြီး အခွန်ရုံး ပို့မယ်။ အခွန်ရုံးက စာရင်းပြုစုပြီးမှ နေပြည်တော်တင်၊ နေပြည်တော်ကနေ ပြန်ကျမှ လိုင်စင် ချပေးမယ်ပေါ့ဗျာ။ ဒီကြားထဲ အခန့်မသင့်ရင် အဖမ်းတောင် ခံရနိုင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ သိန်းတစ်ထောင်အထက် ကားစျေးကွက်၏ ၉၈ ရာခိုင်နူန်းကို အာဏာပိုင်နှင့် ၎င်းတို့ နီးစပ်သည့် စီးပွားရေး အသိုင်းအဝိုင်းက ထိန်းချုပ်ထားပြီး ကျန် ၂ ရာခိုင်နှုန်းခန့်ကသာ ပုဂ္ဂလိက လက်ထဲ ရှိကြောင်း သိရသည်။

ထို့ကြောင့် ကားတန်ဘိုး လျှော့ချပါက စျေးများ ထိုးကျလာကာ အာဏာပိုင်နှင့် နီးစပ်သူများဘက်မှ နစ်နာမည် ဖြစ်၍ ၎င်းတို့ အနေဖြင့် စျေးလျှော့မည်  မဟုတ်ကြောင်း ၎င်း၏ အမြင်ကို ဆက်ပြောသည်။  

ဇူလိုင်လဆန်းလောက်က နိုင်ငံတစ်ဝှန်းတွင် လိုင်စင်မဲ့ ကားများ ဖမ်းဆီးမည် ဆိုသည့် သတင်းများ ထွက်လာပြီးနောက် အရှိန်ကောင်းနေသည့် နယ်စပ်လိုင်စင်မဲ့ကား အရောင်းအဝယ်များ ရက်အနည်းငယ်မျှ တန့်သွားပြီး ယခု ပုံမှန်ဖြစ်နေကြောင်း တရုတ်နယ်စပ် ကားပွဲစားတစ်ဦးက ပြောသည်။

ထိုင်းနှင့် တရုတ်နယ်စပ်မှတဆင့် ပြည်တွင်းသို့ လိုင်စင်မဲ့ ကားများ တင်သွင်းနေရာ ၂၀၀၂ ခုနှစ်ဝန်းကျင်က နယ်စပ်ကား စျေးကွက် အကောင်းဆုံး ကာလဖြစ်ကြောင်း သိရသည်။

ထို့နောက် ၂၀၀၅ ခုနှစ်တွင် လိုင်စင်မဲ့ကား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကား စျေးကွက် မှေးမှိန်ခဲ့ပြီး ယခုအခါ လိုင်စင်မဲ့ ကားများ တရားဝင် လိုင်စင်ချပေးမည် ဆိုသဖြင့် ကားဝယ်ယူစုဆောင်းသူ အများအပြား ရှိခဲ့ကြောင်း သိရသည်။

နယ်စပ်များမှတဆင့် လိုင်စင်မဲ့ ကားတင်သွင်းရာတွင် ကားပွဲစားများ စစ်တပ်အရာရှိများ ပြည်တွင်းကနေ (ကုန်လမ်း ပို့ဆောင်ရေး ညွန်ကြားရေး ဋ္ဌာန) အကြီးအကဲများ ပါ၀င်ပတ်သက်နေပြီး ကားလိုင်စင်ရရန် အခက်အခဲ မရှိကြောင်း နယ်စပ် ကားပွဲစားဟောင်းတစ်ဦးက ဆိုသည်။