သျှမ်းပြည်မှ နိုင်ငံရေးပါတီ ၁၅ ခု ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

သျှမ်းပြည်မှ နိုင်ငံရေးပါတီ ၁၅ ခု ၀င်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ
နအဖစစ်အုပ်စုဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ သျှမ်းပြည်တဝှမ်းလုံးမှ နိုင်ငံရေးပါတီ ၁၅ ပါတီထက် မနည်းဝင်ရောက်ယှဉ်ပြိုင်ရန် ရှိကြောင်း လက်ရှိနောက်ဆုံး သတင်းများအရ စုံစမ်း...

နအဖစစ်အုပ်စုဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ သျှမ်းပြည်တဝှမ်းလုံးမှ နိုင်ငံရေးပါတီ ၁၅ ပါတီထက် မနည်းဝင်ရောက်ယှဉ်ပြိုင်ရန် ရှိကြောင်း လက်ရှိနောက်ဆုံး သတင်းများအရ စုံစမ်းသိရှိရပါသည်။

“အခုကျနော်တို့ သိရသလောက်ဆို ရှမ်းပြည်ဒေသခံတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီက ၁၀ ခု ရှိတယ်၊ အဲထဲက ကချင်ပါတီက မှတ်ပုံတင် မကျသေးဘူး။ နောက်ကျန်တဲ့ပါတီတွေကတော့ သျှမ်းပြည်ထဲက မဟုတ်တဲ့/ တခြားကလာတဲ့ ပါတီတွေဖြစ်တယ်”- ဟုအမည်မဖေါ်လိုသည့် လားရှိုး ဒေသခံ တဦးကပြောပါသည်။

သျှမ်းပြည်တွင်းမှမဟုတ်သော တခြားမှလာသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ် ရေးပါတီ၊ အမျိုးသားဒီမိုကရက်တစ်အင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီ နှင့် ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်တို့ဖြစ်သည်ဟု ဆို၏။

“ကြံ့ဖွတ်ပါတီက သန်းရွှေစစ်အုပ်စု ကျောထောက်နောက်ခံပြုတဲ့ပါတီဖြစ်တယ်၊ လူအား ငွေအားနဲ့ အာဏာ အရှိဆုံးပါတီ -လုပ်ချင်တာလုပ်နေ တယ်၊ ပါတီဝင်တွေကို အဓမ္မခေါ်ယူတယ်၊ ရံပုံငွေဆိုလဲ တိုင်းပြည်ပိုက််ဆံကို တိုက်ရိုက်ယူသုံးတယ်လို့ကြားတယ်။ တစညပါတီကလဲအဲဒီအတိုင်းဘဲ ကြံ့ဖွတ်လောက်တော့ ပေါ်ပေါ်ထင်ထင် မလုပ်ဘူး၊ သူ့ခေတ်က မဆလ ခေတ်ဆိုတော့ ခေတ်လွန်သွားပြီပေါ့နော်” - ဟု သျှမ်းပြည်တောင်ပိုင်းမှ အမျိုးသားရေးလှုပ်ရှားနေသူတဦးကပြောပါသည်။

ထို့ပြင်NLD  ခွဲထွက် ဒေါက်တာသန်းငြိမ်း ဦးဆောင် အမျိုးသားဒီမိုကရေစီအင်အားစု၊ ပင်လုံညီလာခံ တက်ရောက်ခဲ့သူ ရပလ အဖွဲ့အဝင် ၀ါရင့်သျှမ်းနိုင်ငံရေးသမားကြီး (အသက် ၈၀ ကျော်) ဦးရွှေအုန်း (ကင်ဆာရောဂါခံစားနေရသူ၊ ကျန်းမာရေး အခြေအနေအရ နယ်လှည့် ခရီးထွက် ခြင်းရပ်နားထားရ) ဦးဆောင်သည့် ပြည်ထောင်စုဒီမိုကရေစီပါတီဖြစ်ပြီး ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်မှာမူနအဖစစ်အုပ်စု နှင့်နီးစပ်သူဟု နာမည်ကျော်သည့် (၈၈ ကျောင်းသားနာမည်ခံ)  အေးလွင် က ဦးဆောင်ကြောင်းကြားသိရပါသည်။

“အဲဒီ  အေးလွင်ဆိုတဲ့ ပုဂ္ဂိုလ်က ဦးခွန်ထွန်းဦး နဲ့ သျှမ်းခေါင်းဆောင်အဖမ်းမခံရခင် ၂၀၀၅ နှစ်ဆန်းပိုင်း သျှမ်း ပြည်အတိုင်အပင်ခံကောင်စီဖွဲ့ဖို့ အစည်းအဝေးမှာ သူက ဗွီဒီယိုနဲ့ ဓါတ်ပုံကင်မရာမင်း၊ နအဖကို အစီရင်ခံ သတင်းပို့တာသူပဲလို့ အများကယူဆထားတယ်၊ အခု သျှမ်းပြည်မှာ လာရောက်ယှဉ်ပြိုင်မှာကလဲ သူကိုယ်တိုင် ဦးဆောင်မယ်လို့သတင်းကြားထားတယ်” - ဟု တောင်ကြီးသားတဦးက ပြောပါသည်။

သျှမ်းပြည်တိုင်းရင်းသားများအား ကိုယ်စားပြုသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ -- Inn National Development Party (INDP)  အင်း အမျိုးသားတိုးတက်ရေးပါတီ၊/ Kayan National Party (KDP)ကယန်း အမျိုးသားပါတီ၊ Ko Kang Democracy and Unity Party (KDUP)  ကိုးကန့်ဒီမိုကရေစီနှင့်ညီညွှတ်ရေးပါတီ၊Pa-O National Party (PNO) ပအို၀်းအမျိုးသားအဖွဲ့ချုပ်၊ Taaung (Palaung) National Party (PNP)တအောင်း(ပလောင်)အမျိုးသားပါတီ၊Shan National Democratic Party (SNDP)  သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊Wa Democratic Party (WDP)  ၀ ဒီမိုကရက်တစ်ပါတီ၊ Wa National Union Party (WNUP) ၀ အမျိုးသားညီညွတ်ရေးပါတီနှင့်ခွင့်ပြုမိန့်မကျသေး သည့် Northern Shan State Development Party (NSSPP) သျှမ်းပြည်မြောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးပါတီ (သျှမ်းပြည်မြောက်ပိုင်းကချင်ပါတီ) တို့ဖြစ်သည်။