သျှမ်းပြည်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့သို့ တစ်နှစ်ကျော်အတွင်း ပြောင်းရွှေ့နေထိုင်သူဦးရေ အလွန်များပြားလာ သောကြောင့် ယခင်ကထက် မြေကွက်စျေး အဆမတန် ထိုးတက် သွားကြောင်း ကြားသိရသည်။
“လူစည်ကားတဲ့ တာလော့ရပ်၊ မကာဟိုခမ်းရပ်တွေမှာ အရင်ကမြေကွက်တစ်ကွက်ဆိုရင် ထိုင်းဘတ်ငွေ ၂ သန်းကနေ အခုဘတ် ၈ သန်းအထိ တက်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောပါသည်။
နအဖအာဏာပိုင်များနှင့် မြေကွက်ပိုင်ရှင်များပေါင်းကာ ၂၀၁၀နှစ်ဆန်းပိုင်းမှစ၍ မြေကွက်များပိုင်းပြီးရောင်းချနေကြောင်း ကို ဆန်ဆိုင်း တိုင်းရပ်ကွက်သား တစ်ဦးက ဤကဲ့သို့ပြောပါသည်။
“ဆန်ဆိုင်းတိုင်းရပ် အပိုင်း “င”မှ ကွက်သစ်မယ့်ဆိုင်ချောင်းဘေးအထိ ကျယ်ပြန့်တဲ့မြေလွတ် ၃၁ ဧကကို အကွက်ပေါင်း ၃၀၀ ဖြတ်ပြီး ရောင်းချ နေတာ။ မြေကွက် 40x60၊ 60x80 က ဘတ် ၈ သိန်းကနေ ဘတ် ၅ သန်းအထိ ထိုးတက်သွားတယ်”
ယခုကဲ့သို့တာချီလိတ်မြို့ မြေလွတ်များအကွက်ပိုင်းရောင်းချမှုသည် ခယက/ဗျူဟာမှူး/တိုင်းမှူးအဆင့် အာဏာပိုင်များနှင့် စီးပွါးရေးသမားများ နားလည်မှုဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ ဂျူလိုင်လဆန်းပိုင်းမှစ၍ရောင်းချမှုခေတ္တရပ်ဆိုင်းထား ကြောင်း ၎င်းကဆက်လက်ပြောပါသည်။
အဆိုပါမြေကွက် ၃၀၀ ကျော်ပိုင်ဆိုင်မှုအစုရှယ်ယာများထဲတွင် ဟုန်ပန်းကုမ္ပဏီ၊ ယုဇနကုမ္ပဏီတို့လည်း ပါ၀င်ကြောင်း ဒေသခံမျာ းပြောကြားချက် အရသိရှိရသည်။
၀ တပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ဖိအားပေးလာသည့်နောက်ပိုင်း ဟုန်ပန်းကုမ္ပဏီမှ တရုတ်အချို့နှုတ်ထွက်ပြီး ကိုယ်ပိုင် မြေကွက်များ ၀ယ်ယူသူလည်းရှိသည်ဟုဆို၏။
တာချီလိတ်မြို့ မယ့်ခေါ၀်ရပ်ကွက်၊ ပါလျဲန်ရပ်ကွက်နှင့် ရွှေတိဂုံပုံတူစေတီအနောက်ဘက်တွင်လည်း မြေကွက်များ စျေးကောင်းလျက် ရှိသည်ဟု ဆို၏။
နအဖအာဏာပိုင်က အပစ်ရပ်အဖွဲ့များအား ပြည့်သူ့စစ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးအကြပ်ကိုင် လာသည့်နောက်ပိုင်းမှစ၍ မိုင်းဖုန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်းနှင့် မိုင်းလားအထူးဒေသတို့မှချမ်းသာချောင် လည်သည့်ဒေသခံများ တာချီလိတ်သို့ ပြောင်းရွှေ့ လာကြခြင်း ဖြစ်သည်။