နအဖ၏ ပြည်သူ့စစ်အသွင်ပြောင်းရေးကိုလက်ခံထားသော အပစ်ရပ်သျှမ်းပြည် တပ်မတော်(SSA) အချို့အား တရုတ် နယ်စပ်အနီး ထုန့်မောင်း (ခေါ်) ရွှေလီချိုင့်ဝှမ်း ဒေသတွင် တပ်ရင်းတစ်ရင်း စုဖွဲ့ထားရှိရန် နအဖစစ်တပ် အာဏာပိုင်များ ညွှန်ကြားထားသဖြင့် ပြည်သူ့စစ် (သို့) နယ်ခြားစောင့် တပ်ရင်းတစ်ရင်း စုဖွဲ့ လှုပ်ရှားလာဖွယ် ရှိကြောင်း စုံစမ်းသိရသည်။
ဂျွန်လကုန်ပိုင်းက အဆိုပါကိစ္စအား အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မှ ဥက္ကဋ္ဌ ဦးလွယ်မောင်းထံ တိုက်ရိုက်ညွှန်ကြား ထားပြီး ဦးလွယ်မောဝ်းကလည်း ရွှေလီချိုင့်ဝှမ်း ဒေသတွင်လူစုရန် ပြင်ဆင်နေကြောင်း အပစ်ရပ်အက်စ်အက်စ်အေအသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လက်ရှိတွင် အပစ်ရပ်အက်စ်အက်စ်အေသည် သျှမ်းပြည် (မြောက်ပိုင်း) သီပေါမြို့နယ် စိန်ကျော့စခန်း၌ အခြေပြုလှုပ်ရှား နေသော်လည်း ရွှေလီချိုင့်ဝှမ်းဒေသဟု ခေါ်သော မူစယ်၊ နမ့်ခမ်းမြို့နယ်များတွင် ၄င်းတို့တပ်ဖွဲ့ဝင်ဟောင်းအချို့ ကျန်ရှိ နေဆဲဖြစ်သဖြင့် လက်ကျန်လူဟောင်းများ စုစည်း၍တပ်ရင်းတစ်ရင်းဖွင့်လှစ်မည့် အနေအထားဖြစ်သည်။
အဆိုပါဒေသ၌ ထိုင်းနယ်စပ် အခြေစိုက် တိုက်ခိုက်ဆဲ သျှမ်းပြည်တပ်မတော် (တပ်ရင်း ရ၀၁) ဖွဲ့များနှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့များ လှုပ်ရှား လျက် ရှိကြောင်း သိရသည်။
၂၀၀၉ ဧပြီလကုန်ပိုင်းမှစ၍ နအဖစစ်အာဏာပိုင်များက အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် ဖိအား ပေးထားရာ ၂၀၁၀ ဧပြီလကုန်ပိုင်း၌ ဥက္ကဋ္ဌ ဦးလွယ်မောဝ်းဦးဆောင်သည့် အပစ်ရပ်အက်အက်အေ တပ်ဖွဲ့ တချို့ သည် ယင်းအဆိုကိုလက်ခံခဲ့ခြင်းဖြစ်သည်။
အပစ်ရပ် အက်စ်အက်စ်အေတွင် တပ်မဟာ ၃ ခုရှိသည့်အနက် ဗိုလ်ချုပ်ပန်ဖခေါင်းဆောင်သည့် တပ်မဟာ ၁ တပ်ဖွဲ့သည် ပြည်သူ့ စစ်အသွင်ပြောင်းရေးကို ဆက်လက် ်ငြင်းဆန် နေဆဲဖြစ်သည်။
အလားတူ မေ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဆိုကို ငြင်းဆန်နေသော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေအနီး သျှမ်းပြည် (အရှေ့ပိုင်း)တာချီလိတ်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ကို နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၀၉) နှင့် မော်ဖှဒေသပြည်သူ့စစ်အား နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၁၀) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။