သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် မူးယစ်ရဲအပါအဝင် နအဖအရာရှိများလာဘ်စားမှုကြာင့် မူးယစ်ဆေးဝါးလက်လီ လက်ကားရောင်းဝယ်သူများအား အရေးယူခြင်း မရှိဘဲ မူးယစ်ဆေးဝါးများလှိုင်လှိုင်ဖြန့်ဖြူးလျက်ရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။
“လာဘ်ထိုးနိုင်လို့ပေါ့။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှန်းသိပေမဲ့ မူးယစ်ရဲအပါအဝင် ဆိုင်ရာနအဖအာဏာပိုင်တွေ ကိုယ်တိုင်ပါ၀င်ပတ်သက်နေလို့ အရေးမယူနိုင်တာ” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
နမ့်ခမ်းမြို့တွင် ဘိန်းဖြူပေါများပြီးအလွယ်တကူဝယ်ယူနိုင်သောကြောင့် ဆယ်ကျော်သက် ကျောင်းသူ/သားများပါမူးယစ် ဆေးဝါးသုံးစွဲလာကြောင်းကို ဤကဲ့သို့ ဆက်လက် ပြောပြပါသည်။
“ကျောင်းနေအရွယ် အသက် ၁၄ နှစ်အထက် ကျောင်းသားတွေလဲ ပညာရေးဘက်စိတ်မဝင်စားဘူး။ မူးယစ်ဆေးသုံးစွဲလာ တတ်ကြလို့ သူတို့ပညာရေး အရမ်း ထိခိုက်တယ်။ တချို့မိန်းကလေးတွေရောဘဲ အဲဒီကိစ္စလုပ်လာတယ်”
နမ့်ခမ်းမြို့နယ် ဟိုနမ့်(ရေပေးဝေရေးအရပ်)ဘက်တွင် ဘိန်းဖြူကို အလွယ်တကူဝယ်ယူနိုင်ကြောင်း၊ သုံးစွဲသူများက ရာမထက်ဘိန်းဖြူကို ပိုမိုနှစ်သက်အသုံးများကြောင်း သိရှိရသည်။
ထို့နည်းတူ နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်သစ် ဇေယျသုခဘုန်းကြီးကျောင်းအနီး ဖွင့်လှစ်ထားသော နန်းသူဇာအနှိပ်ခန်း တွင်လည်း ရာမ၊ ဘိန်းဖြူ၊ ခါခူးစသည့် မူးယစ် ဆေးဝါးများလွယ်ကူစွာ ၀ယ်ယူနိုင်သည်ဟုဆို၏။
အနှိပ်ခန်းပိုင်ရှင် စိုင်းစံဖိုး အသက်(၅၅)နှစ်သည် နမ့်ခမ်း၊ မူစယ်မှလားရှိုးအထိ နအဖအငယ်တန်းအရာရှိအစအထက်တန်း အရာရှိအထိ သိကျွမ်းဝင်ဆန့်သူဖြစ်ကြောင်း၊ ဒေသခံအာဏာပိုင်များ မကြာခဏလာနှိပ်လေ့ရှိပြီး တချို့မူးယစ်ရဲများပင်လျှင် မူးယစ်ဆေးလာသုံးစွဲကြောင်း၊ ထို့ကြောင့် စိုင်းစံဖိုးပိုင်အနှိပ်ခန်းက တစ်ကြိမ်တစ်ခါမျှ အရေးယူခြင်းမခံရကြောင်းဒေသခံ များပြောကြားချက်အရ သိရှိရသည်။