မြန်မာစစ်တပ်မှ ဒုံးပျံ အစီးရာပေါင်းများစွာကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး အာခံနေသော လက်နက်ကိုင်အဖွဲ့များ ရှိရာ ကချင်ပြည်နယ်နှင့် သျှမ်းပြည်အတွင်းရှိ ဒုံးပျံ တပ်ရင်းများသို့ မေလကုန်ပိုင်းက ပို့ဆောင်လိုက်ကြောင်း စစ်ဘက် သတင်းများအရ သိရသည်။
မေလပိုင်းက ကချင်နှင့်သျှမ်းပြည်အတွင်းရှိ မိုးညှင်း၊ ကျိုင်းတုံ နှင့် နောင်ချိုမြို့နယ်များ၌ မြန်မာစစ်တပ်မှ ဒုံးပျံတပ်ရင်း (၃) ရင်းအား ဖွင့်လှစ်ခဲ့ရာ ၄င်းတပ်ရင်း သစ်များသို့ အတွဲလိုက်ပစ်ခတ်နိုင်သော ၁၂၂ မမ ဒုံးပျံ အစီး တစ်ထောင်ခန့်နှင့် ဒုံးပစ်ရာတွင်အသုံးပြုသည့် ယာဉ်များကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
အသစ်ဖွဲ့စည်းထားသည့် ဒုံးပျံတပ်ရင်းများအား ကကဒုံး (ခေါ်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဒုံး) မှ ကွပ်ကဲ အုပ်ချုပ် မည်ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံလုပ် ဒုံးများဖြစ်ကြောင်း သိရသည်။
ယခုနှစ် သင်္ကြန်ကာလက ရန်ကုန် သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မြောက်ကိုးရီးယား သဘောင်္ တစ်စီးပေါ်တွင် ဒုံးပျံနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင် လာကြောင်း သတင်းထွက်ခဲ့သည်။
မြန်မာစစ်တပ်အနေဖြင့် ၁၉၈၈ ခုနှစ်မှစတင်၍ စစ်တပ်အင်အားကြီးထွားရေးကို အရှိန်အဟုန်မြှင့် တိုးချဲ့လျှက်ရှိရာ ထိုစဉ် က မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၈၉ ရင်းခန့်သာရှိသော်လည်း ယခုအခါ စစ်သည်အင်အား ၄ သိန်း ကျော် ခန့် ရှိပြီဖြစ်သည်။
ခေတ်နောက်ကျကျန်ပြီး ဆင်းရဲတွင်းနက်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်အင်အားချဲ့ထွင်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆက်စပ် နေပြီး စစ်တပ်ကျောထောက်နောက်ခံဖြင့် တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ် ချုပ်နိုင်ရန် နယ်မြေစိုးမိုးရေးကို အကွက်ချ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင် သူများက သုံးသပ်သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/86-2008-08-01-03-20-4...