ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဇွန်လ ၆ ရက်နေ့မှ စတင်ဖွင့်လှစ် ကျင်းပသည့် ၁၈ ကြိမ်မြောက်ကူမင်းမြို့ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၄၀ ခန့်ခင်းကျင်း ပြသလျှက် ရှိကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲကို ဇွန် ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၅ ရက်တာကျင်းပမည် ဖြစ်ပြီး တတိယအကြိမ်မြောက်တောင် အာရှနိုင်ငံများ ကုန်စည်ပြပွဲကိုလည်း တစ်ပြိုင်တည်း ကျင်းပနေကြောင်း သိရသည်။
“၁၈ ကြိမ်မြောက်ကူမင်းကုန်စည်ပြပွဲနဲ့ ၃ ကြိမ်မြောက် တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲပေါ့ တစ်ပြိုင်တည်းလုပ်ပါတယ် မြန်မာပြည်ကတော့ အစုံပါပဲ ငါး ပဲ ပြောင်း နှမ်း ဆန် နောက်ပြီး ကျောက်မျက်ရတနာပြခန်းတွေ လက်မှုပစ္စည်းတွေ ပရိ ဘောဂတွေ ကော်ဖီမစ် ခေါက်ဆွဲခြောက် အဲဒါတွေပေါ့” ဟု ကူမင်းမြို့ပြပွဲရှိ မြန်မာပြခန်းပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
ယခုပြပွဲသို့ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း အင်ဒိုနီးရှား ဗီယက်နမ် ကမ္ဘောဒီးယား လာအို စသည့်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ဘင်္ဂလားဒေ့ရှ် အိန္ဒိယ နိုင်ငံများ တက်ရောက်ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပြခန်းဝန်းထဲမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်အာရှနိုင်ငံတွေက ပြခန်းတွေခင်းကျင်းထားတာ တွေ့ရတယ် ဗီယက်နမ်က ပရိဘောဂ ပစ္စည်းတွေ အသားပေးလာတယ် ထိုင်းက စားသောက်ကုန်တွေပြတယ် အင်ဒိုနီး ရှားက အဝတ်အထည်လေးတွေပေါ့ ” ဟု သူက ပြောသည်။
ကူမင်းမြို့ကုန်စည်ပြပွဲသို့ မြန်မာဘက်မှ စီးပွားကူးသန်း ဒု-၀န်ကြီးဦးအောင်ထွန်းနှင့်နိုင်ငံခြားရေး ဒုဝန်ကြီးဦးမောင်မြင့်တို့ တက်ရောက်ကြောင်း သိရသည်။
ကုန်ပစ္စည်းအရောင်းအဝယ်အနေဖြင့် လက်လီ/လက်ကား အပြင် စာချုပ်ဖြင့် ရောင်းချခြင်းပါ ပြုလုပ်ကြောင်း ပြခန်းပိုင်ရှင် က ဆက်ပြောသည်။
ယူနန်ပြည်နယ် ကူမင်းမြို့
“ဖွင့်ပွဲနေ့က တနင်္ဂနွေနေ့ဆိုတော့ ရုံးပိတ်ရက်လည်းဖြစ်တဲ့ အခါကျတော့ စည်တယ် ဒီနေ့တော့မနေ့က လောက်မစည် တော့ဘူးပေါ့ အရောင်းအဝယ်ကတော့ အမျိုးမျိုး ရှိပါတယ် လက်လီလည်းရှိသလို စာချုပ်လည်းရှိပါတယ် များသောအားဖြင့် ပြပွဲပြီးချိန်လောက်မှ စာချုပ်တွေက ချုပ်ကြတာလေ ကုန်စည်ပြပွဲသဘောကတော့ ဒီ ၃ ရက် လောက်အတွင်း ပုံမှန်လေး သွားနေပြီး ပွဲပြီးခါနီး ၂ ရက်လောက်မှ အရောင်းအဝယ်က သွက်လာတာလေ ” ဟု သူက ပြောသည်။
အဋ္ဌမအကြိမ်မြောက် အာစီယမ် တရုတ်ကုန်သည်များ အနောက်တောင်ပိုင်း၌ ရင်းနှီးမြုတ်နှံမှုမိတ်ဆက်ပွဲနှင့် အာရှပစိဖိတ် ဒေသ တရုတ်ကုန်သည်များဖော်ရမ်ကို ယခုလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပခဲ့သေးသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုတ်နှံမှုသည် ၂၀၀၉ - ၂၀၁၀ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလီလျှံ ဒေါ်လာရှိလာရာ ထိုင်းနှင့်ဗြိတိန်တို့ပြီးလျှင် ရင်းနှီး မြုပ်နှံမှု တတိယအများဆုံးဖြစ်သည်။